ခင်ဦး မြကန်ကျေးရွာတိုက်ပွဲ၌ ကာကွယ်ရေး ရဲဘော် ၅ ဦးကျဆုံးပြီးဒေသခံ သောင်းချီထွက်ပြေးနေရ

ခင်ဦး မြကန်ကျေးရွာတိုက်ပွဲ၌ ကာကွယ်ရေး ရဲဘော် ၅ ဦးကျဆုံးပြီးဒေသခံ သောင်းချီထွက်ပြေးနေရ

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း မြကန်ကျေးရွာတွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

"ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ငါးဦးကျဆုံးပြီး ရွာခံ ငါးယောက်ကို စစ်ကြောင်းက ဖမ်းဆီးသွားပါတယ်။ ရဲဘော် ငါးယောက်ရဲ့ဘော်ဒီတွေတော့ ပြန်ရပါတယ်။ သင်္ဂြိုဟ်ပြီးပါပြီ " ဟု ခင်ဦးသတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ကျဆုံးခဲ့သည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ငါးဦးမှာ မည်သည့်တပ်ဖွဲ့ကဖြစ်ကြောင်း သီးခြားစုံစမ်း၍ မရသေးပေ။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ယနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်လောက်ကတည်းက ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းပျူရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းသည် မြင်းဒေါင်းကျေးရွာအရှေ့ဘက် ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတား အထိုင်ချအကြမ်းဖက် စကစတပ်သားများနှင့် ပူးပေါင်း၍ ၈ နာရီဝန်းကျင်၌ ရွာသစ်ကုန်းပျူစောထီးရွာ အရှေ့တောင်ဘက် ပေ ၅,၀၀၀ ခန့်သာ ဝေးသော ခင်ဦး-မုံရွာ ရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့သည်။

မြကန်ကျေးရွာအနီး၌ ဒေသခံကာကွယ်ရေးများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ကာကွယ်ရေးရဲဘော်များဖြစ်သော ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘော်ဖိုးကျော်၊ ရဲဘော်ကိုနောင်၊ ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ပြီး ဒေသခံအမျိုးသားပြည်သူ ငါးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့ နံနက် ၁၁နာရီဝန်းကျင်အချိန်ခန့်တွင် အောင်သာကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကာ မီးတင်ရှို့ခဲ့ကြပြီး စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ကျေးရွာများဖြစ်သော အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊ မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာတို့မှ ဒေသခံ၂၀,၀၀၀ ကျော်စစ်ရှောင်နေရကြောင်း သတင်းရရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly