မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်မှ အနီးကပ်ဝင်ပစ်

By MTO (မဇ္ဈိမ)
17 April 2023
မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်မှ အနီးကပ်ဝင်ပစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်စစ်ဆေးရေးဂိတ်ကို ဧပြီလ ၁၆ ရက်နေ့က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးနိုင်ကြောင်း Youth Revolution Attack Force -YRAF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧပြီလ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် အဆိုပါစစ်ရေးဂိတ်ကို အိမ်စီးကားဖြင့် လူ နှစ်ဦး၊ လက် နက် နှစ်လက်ဖြင့်တစ်ဖွဲ့၊ ခြေလျင်အဖွဲ့ကတစ်ဖွဲ့ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဟုသိရသည်။

“ ကားနဲ့ရော ခြေလျှင်နဲ့ရော နှစ်မျိုးလုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။ ရေဦးဆန်ဆိုင်ဂိတ်ရှေ့ရှိ ရဲဝတ်စုံ ဝတ်ထားတဲ့ ရဲတစ်ယောက် လဲကျသွားတယ်လို့တော့ မြင်ခဲ့တယ်ဗျ။ နောက်ဆက်တွဲအထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး ” ဟု YRAF အဖွဲ့ မှ တာဝန် ရှိသူက ပြောသည်။

ပစ်ခတ်ခံလိုက်ရသည့်အတွက် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ပြန်လည်ပစ်ခတ်မှု များ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ လာနိုင် ကြောင်း YRAF အဖွဲ့ ကဆိုသည်။

ယင်း စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းခြင်း ငွေတောင်းခံခြင်းများပြုလုပ် လေ့ရှိပြီး သင်္ကြန်ကာလအတွင်း ပိုမိုဆိုးရွားလာနေသည်ဟု YRAF အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

၎င်းက “ ပြည်သူတေကို မတရားငွေတောင်းတာတွေ၊ လက်နက်ရှိတယ်၊ လုပ်ချင်ရာလုပ် လို့ရတယ်ဆိုပြီး အနိုင်ကျင့်တာမျိုးတွေ။ ဒီထက်မက ဆိုးဝါးတာတွေလည်းရှိတယ်” ဟုပြောသည်။

ယခုတိုက်ခိုက်မှုကို Youth Revolution Attack Force -YRAF ၊ မုံရွာ Special ဒိတ်ဒိတ်ကြဲအဖွဲ့နှင့် Myinmu Local Defense Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#YRAF

#အနီးကပ်ဝင်ပစ်

#ရေဦးဆန်ဆိုင်

#စစ်ဆေးရေးဂိတ်

#တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly