သိမ်ဆိပ်ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ ၄ ဦးသေဆုံးပြီး စခန်းမှူးဒဏ်ရာရ

By YT (မဇ္ဈိမ)
17 April 2023
သိမ်ဆိပ်ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ ၄ ဦးသေဆုံးပြီး စခန်းမှူးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော် (သုဝဏ္ဏဝတီမြို့)၊ သိမ်ဆိပ်ကျေးရွာရှိ သိမ်ဆိပ်ရဲစခန်း အား ယနေ့ ဧပြီလ ၁၇ ရက် နံနက်၁၀ နာရီ ၁၅ မိနစ်အချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့ကသွားရောက် တိုက်ခိုက်ခဲ့ရာ စခန်းမှူး ထိခိုက်ဒဏ်ရာရပြီး ရဲလေးဦးသေဆုံးခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။

“စခန်းမှူးအပါအဝင် လေးဦး ထိခိုက်သေဆုံးနိုင်တယ်လို့ အတည်ပြုလို့ရပါတယ်၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှာ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး၊ ရဲစခန်းဘက်က ပြန်လည်ပစ်ခတ်တာမျိုးရှိပါတယ်”ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းအား တပ်မဟာ(၁)KNLA ၊ PDF ၊ သထုံမြို့နယ် ပ.က.ဖ နှင့် Hawk Revolutionary Squad- HRS ဒရုန်းအဖွဲ့တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲလေးဦးသေဆုံးကာ စခန်းမှူး ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက်တိုက်ခိုက်သည့် တိုက်ပွဲကြာချိန် ၁၅ မိနစ်ခန့်သာ ရှိခဲ့သော်လည်း တိုက်ပွဲပြီးသည့်တိုင် စစ်ကောင်စီရဲစခန်းထဲမှ မိနစ် ၃၀ ကျော်ကြာ ပစ်ခတ်မှုများဆက်လက်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

သိမ်ဆိပ်ရဲစခန်းမှပြန်လည်ပစ်ခတ်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ဆိုင်ကယ်၊ ကားများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

“အသံတွေ ဆူညံနေတာပဲ၊ ၁၀ နာရီကျော်ကျော်လောက်ကနေ စကြားတာ။ ပြီးတော့ ရဲစခန်းနားက လမ်း အချို့ကိုတော့ ခဏပိတ်ထားတယ်၊ အခုတော့ ပြန်ပွင့်သွားပါပြီ” ဟု သိမ်ဆိပ်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း သိမ်ဆိပ်နယ်မြေရဲစခန်းမှ စခန်းမှူး ထိခိုက်ဒဏ်ရာရပြီး ရဲလေးဦး သေဆုံးသွားသည့် အခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယခင်ကလည်း သိမ်ဆိပ်နယ်မြေရဲစခန်းအား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်၏ အမြောက်တပ်များ၊ တပ်ရင်းများ၊ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးကင်းပုန်းများနှင့် ဖြတ်သန်းသွားလာသော စစ်ယာဉ်တန်း များအား ဒရုန်းဖြင့် ၃၉ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ် စုစုပေါင်း စစ်ဆင်ရေးလှုပ်ရှားမှု ၄၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း Hawk Revolutionary Squad က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#သိမ်ဆိပ်ရဲစခန်းတိုက်ခိုက်ခံရ

#ရဲ၄ဦးသေ

#မွန်

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly