စစ်ကောင်စီနှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ၁၀ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၇၅ ဦးထိသေဆုံးဟုဆို

By MTO (မဇ္ဈိမ)
16 April 2023
စစ်ကောင်စီနှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ၁၀ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၇၅ ဦးထိသေဆုံးဟုဆို

ပြင်ဦးလွင်မြို့ နှင့် နောင်ချိုမြို့ ထိစပ်နေသည့် နယ်မြေများအတွင်း ဧပြီလ ၅ ရက်မှ ၁၄ ရက် အထိ ၁၀ ရက်တာ ကာလအတွင်းစစ်ကောင်စီတပ်ဖွဲ့ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ အကြားတိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၇၅ ဦးအထိသေဆုံးပြီးအများအပြားထိခိုက် ဒဏ်ရာရရှိသွားကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သေဆုံးသူများအား နီးစပ်ရာတောများတွင် မြှုပ်နှံခြင်း၊ ကားများဖြင့် အကြိမ်ကြိမ်သယ်ယူခြင်းတို့ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိနေခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မြှုပ်နှံပေးခဲ့ရကြောင်း

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့ပြီး ရဲဘော် ၁၅ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က အင်အား ၉၀၀ ခန့်အထိ အသုံးပြုထားပြီး နောင်ချိုပြည်သူ့စစ်အဖွဲ့လည်း စစ်ကောင်စီတပ်ဘက်က ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“အခုအချိန်အထိ စစ်ရေးတင်းမာနေတုန်းပဲ ။ ၅ ရက်နေ့ကနေ ဒီနေ့ (ဧပြီလ ၁၆ ရက်နေ့) အထိ တိုက်ပွဲတွေ ဆက် တိုက်ဖြစ်နေတုန်းပဲ “ ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထို ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု ၂၇ ကြိမ်ခန့် ပြုလုပ်ခဲ့ ပြီး တိုက်လေယာဥ် YAK-130 ၊ SU – 30 နှင့် ရဟတ်ယာဥ်Mi-35 တို့ ကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲများအတွင်း လက်နက်ကြီးများ အဆမတန် အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၅ ရက်နေ့ တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဘို ကျေးရွာမှ ကလေးငယ် နှစ်ဦးသေဆုံးခဲ့ပြီး ရွာသူ ၊ ရွာသား သံုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

ယခုထုတ်ပြန်သည့် စစ်ကေင်စီတပ်ဖွဲ့ ဝင်များ သေဆုံးမှုစာရင်းသည် မျက်မြင်အတည်ပြုနိုင်သည့် စာရင်းသာဖြစ်ပြီး ယခုထက်ပိုမိုများပြားနိုင်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေးထားပြီးအဖွဲ့ အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှုများကိုအရှိန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#ဆယ်ရက်တာ တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly