ပုသိမ်မြို့ စစ်သားစုဆောင်းရေးရုံး ဗုံးကွဲ

By မင်းထက် (မဇ္စျိမ)
15 April 2023
ပုသိမ်မြို့ စစ်သားစုဆောင်းရေးရုံး ဗုံးကွဲ

။ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊အမှတ်(၅) ရပ်ကွက်၊ထောင်ကုန်းလမ်းရှိ စစ်သားစုဆောင်းရေးရုံးတွင် ယနေ့ ဧပြီလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်ခန့် အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်သားစုဆောင်းရေးရုံးဝန်းအတွင်းရှိ ဘန်ကာအနီးတွင် ပြင်းထန်ပြီး အသံကျယ်လောင်သည့်ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ ဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိအတည်မပြုနိုင်သေးကြောင်း မဇ္စျိမကို ပြောသည်။

"အဝေးထိန်းစနစ်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ညဘက်မှောင်နေတဲ့အချိန်ဆိုတော့ ဘာမှမမြင်ရလို့ ဘယ်လောက်ထိခိုက်တယ်ဆိုတာကို အတည်ပြုနိုင်သေးပါဘူး။ကျွန်တော်တို့အဖွဲ့တွေအားလုံး ဘေးကင်းပါတယ်၊ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သတ်တဲ့နေရာတွေကို မသွားကြဖို့ ထပ်ပြီးပြောချင်ပါတယ်"ဟု ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်တွင် ပုသိမ်တောင်လမ်းရှိ အမှတ်(၄) စစ်မြေပြင်ဆေးတပ်ရင်းသို့ အရေးပေါ် လူကာတင်ကားတစ်စီးမောင်းနှင်သွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။

သို့သော်လည်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ကားပေါ်တွင် ပါ၊ မပါကို မဇ္စျိမ အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

ယင်းပြင် ဗုံးပေါက်ကွဲမှုဖြစ်ရာ နေရာအနီးသို့ ဖြတ်သွားသည့် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိနေပြီး ပိတ်ဆို့စစ်ဆေးမှုပြုလုပ်နေကြသည်ဟု ဒေသခံများကပြောသည်။

စာတည်း။ ။ နောင်နောင်

#ပုသိမ်မြို့စစ်သားစုဆောင်းရေးရုံး

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly