ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၇၁ ဦးထိ ရှိလာ၊ စစ်ဘေးရှောင်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေ(ရုပ်သံ)

By ဂျူချန်း (မဇ္ဈိမ)
15 April 2023
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၇၁ ဦးထိ ရှိလာ၊ စစ်ဘေးရှောင်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေ(ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီနေ့ ဧပြီလ ၁၅ရက် မနက်အထိ ရရှိထားတဲ့ မြေပြင်စာရင်းအချက်အလက်တွေအရ အသက် ၁၀နှစ်အောက် ကလေးငယ် ၃၈ ဦးအပါအဝင် အမျိုးသမီး ၂၄ဦး၊ အမျိုးသား ၁၀၉ ဦး စုစုပေါင်း ၁၇၁ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ပဇီကြီးကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၃၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး တောစပ်တွေမှာ စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ ရုတ်တရက် ထွက်ပြေးလာရတာကြောင့် ဆေးဝါး၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။

ဒီလိုဖြစ်ရပ်ဆိုးတွေကို ကြုံတွေ့ခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်နေကြရပြီး စိုးရိမ်ကြောက်လန့်နေရတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၁၇၁ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၅၃ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။ အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးတပ်ဖွဲ့တွေက ကုသပေးလျက်ရှိပြီး ၁၇ဦးကတော့ ပြင်းထန်ဒဏ်ရာတွေရရှိထားတာကြောင့် အကြီးစားခွဲစိတ်မှုတွေ ပြုလုပ်ထားရတယ််လို့သိရပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly