ပဇီကြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားရသော အပြစ်မဲ့ပြည်သူများအတွက် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်များ အလံတစ်ဝက်ချဆုတောင်း

By ရွှေနွယ် (မဇ္ဈိမ)
15 April 2023
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားရသော အပြစ်မဲ့ပြည်သူများအတွက် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်များ အလံတစ်ဝက်ချဆုတောင်း

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရသော အပြစ်မဲ့အရပ်သားပြည်သူ ဒေသခံ အယောက် ၁၅၀ ကျော်နှင့်အတူ ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူခဲ့ရသူ ရဟန်းရှင်လူပြည်သူတို့အတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အလံတစ်ဝက်ချ အလေးပြုဆုတောင်းခြင်းကို ဧပြီလ ၁၄ ရက်နေ့တွင် ပြုလုပ်ကြသည်။

ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲများဖြစ်ကြသော ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပဲခူးတိုင်းစစ်ဒေသခွဲ တပ်ရင်း (၃၆၀၂) တပ်ခွဲ (၅)၊ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၃)၊ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၁)၊ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၂) တို့၏ အလံတစ်ဝက်ချ အလေးပြုဆုတောင်းအခမ်းအနားများအား ပဲခူးတိုင်း စစ်ရေးသတင်းပြန်ကြားရေးမှ ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့က ပဇီကြီးဖြစ်စဉ်အတွက်ရည်ရွယ်ပြီး အလံတစ်ဝက်ချ ဆုတောင်းအလေးပြုကြပါတယ်။ အလံတစ်ဝက်ချတာကတော့ တိုက်ပွဲတွေလည်းပြင်းထန်နေတဲ့ ကာလဖြစ်တဲ့အတွက် အလျင်းသင့်သလိုပဲ လုပ်ဆောင်သွားမှာပါ” ဟု ပဲခူးတိုင်းစစ်ရေးသတင်းပြန်ကြားရေးတာဝန်ခံမှာမဇ္ဈိမကိုပြောသည်။

အဆိုပါ ထုတ်ပြန်ထားသော တပ်ရင်းတပ်ခွဲများအပြင် ပဲခူးတိုင်းအတွင်းရှိကျန်တပ်ရင်းတပ်ခွဲများလည်း ပြုလုပ်လျက်ရှိပြီး မြေပြင်ဆက်သွယ်ရေးခက်ခဲမှုအခြေအနေများကြောင့် ပုံများမထုတ်ပြန်ပေးနိုင်ခြင်းဖြစ်သည်ဟု တာဝန်ခံမှပြောသည်။

ကျန်တိုင်းနှင့်ပြည်နယ်များရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့လည်း လုပ်ဆောင်သွားဖို့ရှိနေပြီး ပဲခူးတိုင်းအနေဖြင့် မြေပြင်တပ်ရင်းတပ်ခွဲများ၏ ပေးပို့ချက်အရ အစောတလျင်ထုတ်ပြန်ခြင်းဖြစ်သည်ဟု သိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အခမ်းအနားတစ်ခုပြုလုပ်နေစဉ် စစ်ကောင်စီီတပ်မှ ဗုံးကြဲကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လက်ရှိအချိန်ထိကောက်ယူရရှိသောစာရင်းများအရ အသက် ၁၀နှစ်အောက် ကလေးငယ် ၃၈ ဦးအပါအဝင် အမျိုးသမီး ၂၄ ဦး အမျိုးသား ၁၀၉ ဦးစုစုပေါင်း ၁၇၁ ဦးသေဆုံးထားကြောင်း မြေပြင်အချက်အလက်များအရသိရသည်။

ထို့အပြင် ပြင်းထန်ဒဏ်ရာရရှိထားသူလည်း အများအပြားရှိနေပြီး ထိုထဲမှ ၁၇ ဦးတွင် အကြီးစားခွဲစိတ်မှုများ ပြုလုပ်ထားရကြေင်းလည်း သိရသည်။

စစ်ကောင်စီတပ်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ ပဇီကြီးရွာဖြစ်စဉ်ကဲ့သို့ပင်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာစာသင်ကြောင်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်၊ ဖားကန့်အနန့်ပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် အခြားသော လေကြောင်းတိုက်ခိုက်မှုများအား မြန်မာနိုင်ငံအနှံအပြားတွင် ကျူးလွန်ထားပြီး ထိုဖြစ်စဉ်များအနက် ယခုပဇီကြီးဖြစ်စဉ်သည် အရပ်သားပြည်သူ သေဆုံးမှုအများဆုံးပင်ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပဇီကြီး

#လေကြောင်းတိုက်ခိုက်မှု

#ပဲခူးတိုင်း

#ပြည်သူ့ကာကွယ်ရေးတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly