ရေးတွင် အုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူ့စစ် ၂ ဦး ပစ်သတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
13 April 2023
ရေးတွင် အုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူ့စစ် ၂ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ သွားရောက်ပစ်ခတ်ခဲ့ရာ ရုံးအတွင်းရှိ ပြည်သူ့စစ်နှစ်ဦးသေဆုံးပြီး AK -47 ရိုင်ဖယ်သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့- YGF မှ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်နှစ်လက်ပဲသိမ်းပြီး ပြန်ဆုတ်လာခဲ့တယ်၊ တခြားဟာတွေတော့ ဖျက်ဆီးတာမရှိပါဘူး၊ နယ်မြေ အရ ပိတ်ဆို့မှုများစွာရှိတဲ့နယ်မြေဖြစ်တဲ့အတွက် အဝင်အထွက်ကမလွယ်ဘူး” ဟု YGF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်အချိန်တွင် ပြည်သူ့စစ်နှစ်ဦးနှင့်အတူ ရှိနေသော အသက်(၁၄)နှစ်အရွယ် မောင် ငြိမ်းခန့်ကျော် သေနတ်ကျည်ထိမှန်ကာ သေဆုံးသွားကြောင်းသိရသည်။

“ပြည်သူ့စစ်နှစ်ဦးနဲ့အတူတူထိုင်နေတာက တစ်ချက်၊ ထွက်ပြေးတာကတစ်ချက်ကြောင့် ရန်သူလို့ သတ် မှတ်ပြီး ပစ်လိုက်ရတာပါ” ဟု  ရဲဘော်စောခေတ်သစ်က ဆိုသည်။

အဆိုပါမှားယွင်းပစ်ခတ်မှုနှင့်ပတ်သက်၍ ပြည်သူတစ်ဦးထိမှန်သွားသဖြင့် မိမိတို့အဖွဲ့မှ အနူးညွတ် တောင်းပန်ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့- YGF က ဆိုသည်။

ယင်းအပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီဒေါက်တိုက်များနှင့် ဝေးဝေးနေစေလိုကြောင်းနှင့် အသက် နှင့်ရင်းပြီးလုပ်ရသဖြင့် ပြည်သူများအနေဖြင့် နားလည်ပေးကြရန်လည်း YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တောင်းပန်ထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly