မွန်ဂိုလီးယားအလယ်တန်းကျောင်းများအားလုံး စက်တင်ဘာလမှစ၍ မန်ဒရင်းတရုတ်ဘာသာဖြင့်သင်ကြားရန် တရုတ်က အမိန့်ထုတ်

မွန်ဂိုလီးယားအလယ်တန်းကျောင်းများအားလုံး စက်တင်ဘာလမှစ၍ မန်ဒရင်းတရုတ်ဘာသာဖြင့်သင်ကြားရန် တရုတ်က အမိန့်ထုတ်

တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသမှ အာဏာပိုင်များသည် ယခုနှစ် စက်တင်ဘာမှစ၍ ကျောင်းများအားလုံးတွင် မန်ဒရင်းတရုတ်ဘာသာဖြင့် သင်ကြားရန်နှင့် မွန်ဂိုလီးယားဘာသာစကားအတန်းများကို လျှော့ချရန် ညွှန်ကြားထားသောကြောင့် ထိုလုပ်ရပ်သည် ယဉ်ကျေးမှုဆိုင်ရာ မျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အဝေးရောက်မွန်ဂိုလီးယားလူ့အခွင့်အရေးအဖွဲ့က ပြောသည်။

ကျောင်းသားများသည် ၎င်းတို့အိမ်များ၌ မွန်ဂိုဘာသာစကားပြောဆိုသည့်တိုင် နိုင်ငံတော်ဘာသာစကား မန်ဒရင်းဖြင့်သင်ကြားရေးကို အကောင်ဖော်ရန်နှင့် အထက်တန်းကျောင်းသားများအားလုံး မန်ဒရင်းဘာသာ ကျွမ်းကျင်အောင်လုပ်ဆောင်ရန် ဒေသဆိုင်ရာပညာရေးဗျူရိုက ကျောင်းများအားလုံးကို ညွှန်ကြားထားသည်။ ထိုမူဝါဒကြောင့် ၂၀၂၀ ခုနှစ် ဩဂုတ်လက ဒေသတစ်ဝန်း ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်ခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးဟူသော အစီအစဉ်များသည် လူမျိုးကြီး ဟန်တရုတ်များနှင့် ဝီဂါ၊ တိဗက်လူမျိုးများအကြား အတင်းအကျပ်လက်ထပ်ထိမ်းမြားစေကာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်လက္ခဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုများဖြစ်ကြောင်း အခွင့်အရေးတက်ကြွလှုပ်ရှားသူများက သတိပေးထားသည်။

အတွင်းမွန်ဂိုလီးယားမြို့တော် ဟွန်ဟော့ရှိ အမှတ် ၃၀ အထက်တန်းကျောင်းမှ ကျောင်းအာဏာပိုင်များက မွန်ဂိုလူမျိုး ၆ သန်းရှိ ဒေသတွင် တရုတ်အမျိုးသားရေးလက္ခဏာများ ပျိုးထောင်ရမည်ဟု ကျောင်းသားမိဘများအား ပြောနေသည့် အသံဖိုင်ကို နယူးယောက်အခြေစိုက် မွန်ဂိုလူ့အခွင့်အရေးနှင့်ပြန်ကြားရေးစင်တာက ထုတ်ပြန်ခဲ့သည်။

“ပေါက်ကြားလာတဲ့လျှို့ဝှက်မှတ်တမ်းအရ ဒေသတစ်ဝန်းမှာ မွန်ဂိုဘာသာစကားနဲ့သင်ကြားမှုအပေါ် အလုံးစုံကန့်သတ်မှုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်တော့မှာပါ” ဟု မကြာသေးမီက

ပြုလုပ်ခဲ့သော ၅၂ မိနစ်စာ မိဘ-ဆရာများ အစည်းအဝေးမှတ်တမ်းကို ကိုးကား၍ မွန်ဂိုလူ့အခွင့်အရေးအဖွဲ့က ၎င်းတို့ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

မွန်ဂိုတိုင်းရင်းသားကျောင်းသားများအားလုံးသည် ၂၀၂၅ ခုနှစ်မှစတင်၍ ကောလိပ်ဝင်ခွင့်စာမေးပွဲများကို တရုတ်ဘာသာဖြင့်သာ ဖြေဆိုကြရတော့မည်ဖြစ်သည်။

ကျောင်းချိန်ပြင်ပတွင် မွန်ဂိုဘာသာစကားသင်ကြားခွင့်များကို ကျောင်းသားများအား အသိပေးသည့် ဆရာ၊ ဆရာမများမှာလည်း ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း မွန်ဂိုလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ အန်ဂဲဘာတူတိုဂိုချော့က တရုတ်ဆိုင်ရာ ကွန်ဂရက်-အမှုဆောင်ကော်မရှင်ရှေ့မှောက်၌ သက်သေထွက်ဆိုခဲ့သည်။

“ဝီဂါတွေ၊ မွန်ဂိုတွေနဲ့ တိဗက်လူမျိုးတွေ တွေ့ကြုံနေရတဲ့ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် တရုတ်အာဏာပိုင်တွေက ဘက်ပေါင်းစုံကနေ လူမျိုးတုံးသတ်ဖြတ်ရေးလှုပ်ရှားမှုပုံစံမျိုးစုံကို လုပ်ဆောင်နေကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။

“ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ လူမျိုး ၃ မျိုးရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖျောက်ဖျက်ပြီး တရုတ်အမျိုးသားရေးအသွင် ပြောင်းဖို့ပါ” ဟု ၎င်းက ပြောသည်။

ဂျာမနီအခြေစိုက် တက်ကြွလှုပ်ရှားသူ ရှီဟိုင်မင်းက “တရုတ်မူဝါဒဟာ တော်တော်လေး ဆိုးရွားပါတယ်။ သမ္မတရှီကျင့်ဖျင်ဟာ မွန်ဂိုလီးယား၊ တိဗက်နဲ့ ဝီဂါတွေကို တရုတ်ဇာတ်သွင်းဖို့ မန်ဒရင်းတရုတ်ဘာသာကို အသုံးချနေတာပါ” ဟု RFA သို့ ပြောသည်။

တရုတ်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ အသက်အရွယ်စုံကလေးများအတွက် မွန်ဂို၊ တိဗက်၊ ဝီဂါနှင့် ဒေသန္တရဘာသာစကားများဖြစ်သည့် စီချွမ်နှင့်ကန်တုံစကားများအား သင်ကြားရေးကြားခံဘာသာစကားအဖြစ် အသုံးပြုခြင်းကို တားမြစ်ကာ မူကြိုကလေးများအားလုံးကို မန်ဒရင်းဘာသာဖြင့် မဖြစ်မနေ သင်ကြားမှုကို တိုးချဲ့လုပ်ဆောင်သွားမည်ဟု ၂၀၂၁ ခုနှစ်က ကြေညာခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် တိုင်းရင်းသားလူမျိုးများနှင့်ကျေးလက်ဒေသများရှိ မူကြိုကလေးများအား အခြေခံအဆင့်မှာပင် မန်ဒရင်းဖြင့် ဆက်သွယ်ပြောနိုင်စေရန်နှင့် မသင်မနေရပညာရေးအဆင့်အတွက် အုတ်မြစ်များချရန် ရည်ရွယ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly