ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံမြို့မရဲစခန်းအရှေ့တွင် မိုင်းပေါက်ကွဲသံကြားရကြောင်း ဒေသခံများထံက သိရသည်။
" ဘားအံမြို့မရဲစခန်းရှေ့မှာဖြစ်တာပါ။ အထိအခိုက်တော့မရှိပေမယ့် အနီးအနားတော့ နားတွေပါ အူတယ်"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဘားအံမြို့အလယ်၊ နာရီစင်အကျော်ရှိ မြို့မရဲစခန်းအရှေ့၊ အုတ်တံတိုင်းအနားတွင် အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
" မိုင်းကတော့ အသံတော့ကြမ်းပေမဲ့ လက်လုပ်ပဲဆိုတော့ လူအထိအခိုက်တော့မရှိပါ။ အဲ့အချိန်က မိုးမလင်းသေးတော့ လမ်းလူအသွားအလာလည်းနည်းတယ်။ ဘားအံမှာက ရန်ကုန်လို ခွဲပြီးရင် အဲ့လိုကြေညာတဲ့အဖွဲ့တွေမရှိဘူး " ဟု နောက်ထပ်ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် မြို့အဝင်မြို့အထွက် ဆိုင်ကယ်များ စစ်ဆေးနေကြောင်း၊ ဘားအံ ကမ်းနားလမ်းရှိ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဒါ့အပြင် ဘားအံမြို့တွင် သင်္ကြန်ကာလအတွင်း အန္တရာယ်ပြုမည်ဟု မသင်္ကာသူမှန်သမျှအား အချိန်မရွေး ပစ်ခတ်ဖမ်းဆီးခွင့် ပစ်မိန့်ပေးထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိဖြင့် သွားလာနေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
" ကျွန်မတို့ ဘားအံမှာ သူတို့ပစ်မိန့်ပေးထားပါတယ် သတင်းကြားတယ်။ ပြည်သူတွေသတိနဲ့ သွားလာရပါတယ်" ဟု ပြောသည်။
ယခုနှစ်သင်္ကြန်အား ဘားအံမြို့နယ်၊ ကမ်းနားလမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စစ်ကောင်စီမှ ပြင်ဆင်ထားပြီး လုံခြုံရေးချထားကာ စည်းမျဉ်းများ အထူးကြပ်မတ်ထားကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)