ကဝမြို့နယ်တွင် ရဲ ၂ ဦးပစ်ခတ်ခံရ ၁ ဦးသေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
11 April 2023
ကဝမြို့နယ်တွင် ရဲ ၂ ဦးပစ်ခတ်ခံရ ၁ ဦးသေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း ကဝမြို့နယ်တွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်ကြေးကောက်ရန် ရဲစခန်းမှထွက်လာသော ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပိတောက်ဖူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ကဝမြို့နယ် ရှမ်းကန်−သပြုလမ်းမပေါ်၌ ဆက်ကြေးကောက်ရန် ဆိုင်ကယ်ဖြင့် ကဝမြို့ရဲစခန်းမှထွက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကလည်း ဆိုင်ကယ်ဖြင့် အနီးကပ် မျက်နှာချင်းဆိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

"သူတို့က အဲ့ဒီနယ်တွေဘက်က ပြည်သူတွေနဲ့ လောင်းကစားဒိုင်တွေဆီကနေ ဆက်ကြေးကောက်နေကျပါ။ ကျနော်တို့ သတင်းရတာနဲ့ ချက်ချင်းစီစဉ်လိုက်ရတာ။ ပြင်ဆင်ချိန် သိပ်မရလိုက်ဘူး။ တွေ့ပစ်လိုပဲ စစ်ဆင်ရေးလုပ်နိုင်ခဲ့တယ်” ဟု ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

ထိုပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်၌ လိုက်ပါစီးနင်းလာသော ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ နောက်သို့လန်ကျကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များအရ သိရကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

သေဆုံးသူ၏ ရာထူးနှင့် အသေးစိတ်အချက်အလက်အား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ယနေ့ ကန့်ဘလူတွင်ဖြစ်ပျက်ခဲ့သော စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုအတွက်လည်း မြို့ပြပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်ကာ လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကဝမြို့နယ်

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#ကန့်ဘလူ

#ပိတောက်ဖူးစစ်ဆင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly