မဲကနယ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ပြီး အပြင်းအထန် စစ်ကြောင်းထိုးနေ

By သွင်ထူးဈာန်(မဇ္ဈိမ)
11 April 2023
မဲကနယ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ပြီး အပြင်းအထန် စစ်ကြောင်းထိုးနေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ မဲကနယ်ဒေသကို စစ်ကောင်စီ တပ်က ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ လေကြောင်းမှတိုက်ခိုက်မှု  အကြိမ်ကြိမ်ပြုလုပ်ခဲ့ ကြောင်း မြေပြင်တွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်ထံမှ သိရသည်။ 

မဲကနယ်ဒေသရှိနေရာအချို့ကို စစ်ကောင်စီတပ်က SU-30 တိုက်လေယာဥ်၊ YAK-130 တိုက်လေယာဥ်နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၇ နာရီခွဲက တိုက်လေယာဥ်တစီးနဲ့လာကြဲတာ နှစ်ကြိမ်၊ ၁၁ နာရီခွဲလောက်မှာ Mi-35 ရဟတ် ယာဉ်နဲ့က ငါးကြိမ်လောက်ကို လှည့်ပတ်ပစ်နေတာ၊ နေ့ခင်း ၂ နာရီကျော်လောက်မှာ သုံးကြိမ်ဗုံးလာကြဲ သွားတယ်။ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘူး၊ စစ်ကြောင်းကတော့ ဆက်တိုက်ထိုးနေတာ”ဟု ရှေ့တန်းတွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က ပြောသည်။

မဲကနယ်ဒေသကို စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေပြီး Cobra စစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က အပြင်းအထန် ခုခံကာကွယ်နေ ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် မဲကနယ်ကျေးရွာတွင် နေအိမ်များပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များသေဆုံးခဲ့ပြီး အရပ်သား ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရ သည်။

ဧပြီလ ၄ ရက်မှ ၉ ရက်နေ့အထိတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့မှ ၂၈ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း သုံး ဦးကျဆုံး၍ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly