စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန် စည်ကားမှာလား

စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန် စည်ကားမှာလား

စစ်ကောင်စီက ဒီနှစ် ၂၀၂၃ ခုနှစ် သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ သူတို့ထိန်းချုပ်လို့ ရနေတဲ့ ဒေသတွေမှာ စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေပါပြီ။

စစ်ကောင်စီ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်က စလို့ မနှစ်ကအထိ သင်္ကြန်ကာလဟာ စည်ကားခြင်း မရှိဘဲ ခြောက်ခြောက်ကပ်ကပ် ပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

မြို့ထဲတွေမှာ စစ်ကောင်စီ တပ်သားတွေကပဲ ရေပက်တာမျိုး လုပ်ပြီး တခြားသူတွေက ရေပက်ခံထွက်တာ၊ ရေပက်တာ မတွေ့ရပါဘူး။ ဒါပေမယ့်လည်း အရင်နှစ်နှစ်က သင်္ကြန်ကာလမှာ စစ်ကောင်စီက မဏ္ဍာပ်တွေ ဆောက်ပြီး ကြီးကြီးကျယ်ကျယ် သင်္ကြန် မကျင်းပပါဘူး။

ဒီနှစ်မှာတော့ မြို့ကြီးတွေမှာ ငြိမ်းချမ်းပြီး စည်ကားနေသယောင် ပုံရိပ်ကို ပြသချင်တဲ့အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ စစ်ကောင်စီ ထိန်းချုပ်လို့ရတယ်လို့ ထင်ရတဲ့ နေရာတွေမှာ ဝန်ကြီးဌာန မဏ္ဍာပ်တွေ ဆောက်လုပ်ပြီး သင်္ကြန်စည်ကားတယ်ဆိုတဲ့ ပုံဖမ်းဖို့ စီစဉ်နေပါတယ်။

မြန်မာပြည်မှာ စစ်ကောင်စီ အာဏာသိမ်းချိန်က စပြီး ပွင့်လင်းရာသီ ပွဲလမ်းတွေ ပျောက်ဆုံးကုန်ပြီး ပြည်သူလူထုက တိတ်တိတ်ဆိတ်ဆိတ်နဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ ပါတယ်။ စစ်ကောင်စီ လက်အောက်မှာ ဘယ်သူမှ မပျော်နိုင်ဘူးဆိုတာကို ပြသကြတာ ဖြစ်ပါတယ်။

နှစ်စဉ်စည်ကားနေကျ ဘုရားပွဲဈေးတွေလည်း စစ်ကောင်စီ လက်ထက်မှာ ဆိတ်သုဉ်းသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ စည်ကားတယ်၊ လူတွေ ငြိမ်းချမ်းပြီး ပျော်ရွှင်နေကြတယ် ဆိုတာကို တနည်းနည်းနဲ့ ပြသဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

သင်္ကြန်ဆိုတာက မြန်မာတွေရဲ့ အစည်ကားဆုံးပွဲတော်၊ လူမျိုးမရွေး ဘာသာမရွေး ဝင်ရောက်နွှဲပျော်ခဲ့တာ ဖြစ်ပေမယ့် စစ်ကောင်စီ အုပ်ချုပ်နေတဲ့ နှစ်နှစ်စလုံး တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်မှာ ဘယ်စစ်အစိုးရ လက်ထက်မှာမှ မဖြစ်ဖူးတဲ့ ပုံစံပါ။

ဒီနှစ်မှာတော့ စစ်ကောင်စီက ဝန်ကြီးဌာန မဏ္ဍာပ်တွေပါ စီစဉ်ထားပြီး သင်္ကြန်စည်ကားတယ်ဆိုတဲ့ ပုံရိပ်ကိုဖမ်းဖို့ ပြင်ဆင်နေပါပြီ။

အဲဒါကြောင့်လည်း မြို့ပြကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ဝန်ကြီးဌာန မဏ္ဍာပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ရန်ကုန်တိုင်း ပြည်လမ်းပေါ်မှာ စစ်ကောင်စီ ဆောက်လုပ်ထားတဲ့ တိုင်းဗဟို မဏ္ဍာပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ မြို့ပြ ပျောက်ကျား တပ်ဖွဲ့တစ်ဖွဲ့က အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုအပြီး နောက်တစ်နေ့မှာပဲ စမ်းချောင်း ရဲစခန်းရှေ့က မြို့နယ် ရေကစား မဏ္ဍာပ်ကို ထပ်မံ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါကြောင့်မို့လို့ ဌာနဆိုင်ရာ မဏ္ဍာပ်တွေအနား မသွားကြဖို့နဲ့ စစ်ကောင်စီရဲ့ သင်္ကြန်မှာ ဝင်ရောက် မပါဝင်ကြဖို့ ပြည်သူတွေကို မြို့ပြပျောက်ကျား တပ်ဖွဲ့တွေက ကြေညာထားပါတယ်။

စစ်ကောင်စီဟာ Nom – CDM ဝန်ထမ်းတွေကို မဏ္ဍာပ်ထိုင်ဖို့ ဖိအားပေးစေခိုင်းတာတွေ ရှိနေတဲ့အတွက် Nom – CDM ဝန်ထမ်းတွေဟာ ဆုတ်လည်းဆူး စားလည်းဆူး အနေအထားကို ရင်ဆိုင်နေရတယ်လို့ ကြားသိရပါတယ်။

လက်ရှိမှာတော့ ရန်ကုန်အပါအဝင် နယ်မြို့အများစုမှာ အာဏာပိုင်တွေဘက်က စီစဉ်တဲ့ မဏ္ဍာပ်တဝိုက် စစ်ကောင်စီ ယာဉ်တချို့ ရှိနေသလို တချို့နေရာတွေမှာ ကင်းလှည့်တာ၊ လုံခြုံရေးယူပေးတာတွေ အထိ ရှိနေပါတယ်။

လာမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဟာ အနုပညာရှင်တွေ အကြားမှာလည်း အဖြူနဲ့အမည်း သည်းသည်းကွဲကွဲ သိရမယ့် ပွဲတော်လို့ ပြောဆိုနေသူတွေလည်း ရှိပါတယ်။

စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်တဲ့ အနုပညာရှင်တွေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေဆိုပြီး ကွဲကွဲပြားပြား ဖြစ်သွားမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် သေနတ်ထောက် ရေပက်ခိုင်းတာ၊ ပိုက်ဆံပေးပြီး ရေပက်ခံထွက်ခိုင်းတာမျိုးက လွဲလို့ စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်နေတဲ့ လူတွေနဲ့ အမှန်တကယ် ကျင်းပနိုင်မှာ မဟုတ်သေးတာ သေချာနေကြောင်း ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly