ဘီးလင်း၊ ကျိုက်ထို နှင့်သထုံရှိ စစ်ကောင်စီ၊ BGF စခန်းများ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများပြား

By YT (မဇ္ဈိမ)
09 April 2023
ဘီးလင်း၊ ကျိုက်ထို နှင့်သထုံရှိ စစ်ကောင်စီ၊ BGF စခန်းများ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများပြား

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ၎င်း ၏ လက်အောက်ခံ BGF စခန်းတို့ တိုက်ခိုက်ခံရပြီး အရာရှိ နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူများပြား‌ေကြာင်း သိရသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ဘီးလင်းမြို့နယ်ရှိ မဲလံ BGF စခန်းအား KNU တပ်မဟာ(၁) ၊ KNLA၊ KRF၊ PPDF- KD၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း KRF ၏ တာဝန်ရှိသူထံက သိရသည်။

“ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ကနေ ဒရုန်းမစ်ရှင်လုပ်တာပေါ့။ အရာရှိ နှစ်ယောက်ကျတယ်လို့တော့ သိရတယ်။ နာမည်တွေက မိုးစက်နဲ့ မြဝင်းလို့သိရတယ်။ ဒါ သူတို့အတွင်း သတင်းက လှမ်းပြောပေးတာပါ " ဟု KRF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

မဲလံစခန်းတွင် BGF သာမက စစ်ကောင်စီတပ်သားများပါ ပူးပေါင်းအထိုင်ချနေပြီး ဒရုန်းမစ်ရှင်အတွင်း မဲလံစခန်းရှိ စစ်ကောင်စီနှင့် BGF တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိခဲ့ကြောင်း ကိုအေးမင်းထွန်းထံက သိရသည်။

ဒါ့အပြင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ အခြေစိုက် တပ်မ- ၄၄ ဌာနချုပ်အား KNLA၊ KRF၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးလေးလုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သေးကြောင်း၊ အထိအခိုက်အကျအဆုံးများအား စုံစမ်းနေဆဲဖြစ်ကြောင်း ကိုအေးမင်းထွန်းထံက သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ နံနက်အစောပိုင်းကလည်း သထုံမြို့၊ ဝီယော်ကျေးရွာအခြေစိုက် ခမရ (၉ ) တပ်ရင်းအား KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်တွင် အထိအခိုက်ရှိနိုင်သော်လည်း စုံစမ်းနေဆဲဖြစ်ပြီး၊ ထိုတိုက်ခိုက်မှုအပြီးတွင် ခမရ(၉) စစ်ကောင်စီတပ်မှ ဝီယော်ကျေးရွာ၊ ချောင်းစောင့်ကျေးရွာ၊ မိကျောင်းအိုင်ကျေးရွာနှင့် မရမ်းကုန်းကျေးရွာဘက်များအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

KNU တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်တွင် စစ်ကောင်စီ၊ BGF အထိုင်စခန်း၊ တပ်စခန်းများအား KNLA၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် မကြာခဏ မစ်ရှင်ဖော်ဆောင် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#BGF

#အရာရှိ ၂ ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly