မြင်းခြံ ယုန်တိုးတောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံး

By MTO (မဇ္ဈိမ)
09 April 2023
မြင်းခြံ ယုန်တိုးတောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၄ ဦး သေဆုံးပြီး မြင်းခြံခရိုင် တပ်ရင်း(၄) Natogyi People Defense Force မှ ရဲဘော်နှစ်ဦးကျဆုံးသွားကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲက ယုန်တိုးတောင်ရဲ့ တောင်ဘက်အခြေမှာဖြစ်တာပါ။ တစ်နာရီခွဲလောက်ကြာတယ်။ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦးကျဆုံးတယ်၊ စစ်တပ်ဘက်က ၁၄ ကောင်နဲ့အထက်သေဆုံးပြီး သူတို့အလောင်းတွေကို ၁၄ ပေ ကန်တာကားနဲ့ တင်သွားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် အင်အား ၃၀ ခန့်ပါဝင်ပြီး ယုန်တိုးတောင်တကြောရှိကျေးရွာများကို စစ် ကြောင်းထိုးပြန်လာသည့်စစ်ကြောင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများပြားသည့်အတွက် မြင်ခြံမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ကိုစစ်ကူခေါ်ယူခဲ့ရာ ယင်းစစ်ကြောင်းကိုလည်း မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defense Force က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများအသုံးပြုသည့် MA-3 သေနတ်တစ်လက်နှင့် ၄၀ မမ တစ်လက်တို့ကို လည်းသိမ်းဆည်းရမိထားကြောင်း Natogyi People Defense Force က အသိ ပေးထားသည်။

စစ်ကောင်စီတပ်များသည် မြင်းခြံမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်ကြောင်းထိုးနေပြီး ပြည်သူ များကို ဓားစာခံများအဖြစ်ဖမ်းဆီးပြီး အထုတ်အပိုးသယ်ခိုင်းခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများကို ဆောင် ရွက်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defense Force ၊ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း PDF-MDY ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့မြင်းခြံ၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့နှင့် ဗိုလ်စားပြောက်ကျား တပ်ဖွဲ့ တို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#မြင်းခြံမြို့နယ်

#ယုန်တိုးတောင်

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly