စစ်ကောင်စီက မြို့ပြပြောက်ကျားများ အယောင်ဆောင်ကာ ဖောက်ခွဲမှုနှင့် တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း သတိပေး

By ဂန္ဒမာ (မဇ္ဈိမ)
09 April 2023
စစ်ကောင်စီက မြို့ပြပြောက်ကျားများ အယောင်ဆောင်ကာ ဖောက်ခွဲမှုနှင့် တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း သတိပေး

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြို့ပြပြောက်ကျားများအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှု များပြုလုပ်လာနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ရေကစားမဏ္ဍပ်များသို့ သွားရောက်ရေကစား ခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။

ရန်ကုန်တွင် ရေကစားမဏ္ဍပ်များစတင်ဆောက်လုပ်နေပြီး မဏ္ဍပ်အချို့ ဗုံးခွဲတိုက်ခိုက်ခံရသော်လည်း စစ်ကောင်စီ က သင်္ကြန်ပွဲဖြစ်မြောက်အောင် အတင်းအကြပ်စီစဉ်မှုများရှိနေကြောင်း ကြားသိရသည်။

“ပြည်သူတွေ၊ စျေးဆိုင်တွေကနေ ဆက်ကြေးကောက်ပြီးဆောက်ထားတဲ့ စမ်းချောင်းရဲစခန်းရှေ့က မဏ္ဍပ်ကြီး မနေ့ကဖောက်ခွဲခံလိုက်ရတဲ့အတွက် အလွန်ပဲဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ ဒီမဏ္ဍပ်ဆောက်ဖို့ကို သိန်းထောင်ချီ သုံးထားတယ်တဲ့၊ ဒါပေမယ့် အခုသူတို့သုံးထားတာကြည့်လိုက်တော့ သိန်း ၁၀၀ တောင်မပြည့်ဘူး။ မဏ္ဍပ်တွေ ဖောက်ခွဲခံလိုက်ရပေမယ့် သူတို့အနေနဲ့လည်း စစ်ခေါင်းဆောင်ရဲ့ညွှန်ကြားချက်ရှိနေတော့ ရဲစခန်းတို့၊ အစိုးရရုံး ရှေ့တို့လို လုံခြုံရေးအားကောင်းတဲ့နေရာမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့မဏ္ဍပ်ဆောက်မှာပဲ၊ သင်္ကြန်ဆက်လုပ်မှာပဲ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးက မဇ္ဈိမကို ဖြေကြားသည်။

ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော Dark Shadow အဖွဲ့က စမ်းချောင်းရဲစခန်းရှေ့မှ စမ်းချောင်းမြိုနယ်ရေကစားမဏ္ဍပ်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်းရှိ ဗဟိုမဏ္ဍပ်ကို အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်ဖြင့်ဖော်ပြ ထားသည်။

“UG တွေက ပြည်သူကိုထိခိုက်မှာစိုးတဲ့အတွက် လူမရှိတဲ့အချိန် တိုက်ခိုက်မှုလုပ်ရတာကြောင့် လူတော့မထိဘူး၊ မဏ္ဍပ်တော့ အနည်းငယ်ထိခိုက်ပျက်စီးတယ်။ နောက်တစ်ခုက စမ်းချောင်းက စစ်ကောင်စီသတင်းပေး၊ ဘက်တော် သားအချို့ကို မိုင်းထောင်ခြင်းနှင့် ဖောက်ခွဲခြင်းသင်တန်းပေးနေတယ်လို့ အတိအကျသိထားရတယ်။ ဒါကြောင့် လူထုအနေနဲ့ စစ်ကောင်စီရဲ့မဏ္ဍပ်တွေကို ရှောင်ကျဉ်ကြဖို့လိုပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကဆိုသည်။

စစ်ကောင်စီတပ်က မည်သည့်အကြောင်းရင်းကြောင့် စမ်းချောင်းမှ စစ်ကောင်စီသတင်းပေး၊ ဘက်တော်သားအချို့ ကို ယခုလိုသင်တန်းမျိုး ပို့ချသင်ကြားပေးနေသည်ကိုမသိရသော်လည်း သင်္ကြန်နားနီးကပ်မှ ပြုလုပ်နေသည်ကို ကြားသိရသည်မှာ ပြည်သူများအတွက် အလွန်အန္တရာယ်ကြီးပြီး မြို့ပြပြောက်ကျားများအား ပုံဖျက်စေလိုသော ကြောင့် အယောင်ဆောင်ဖောက်ခွဲမှုနှင့် တိုက်ခိုက်မှုများပြုလုပ်လာမည်ကို စိုးရိမ်ရခြင်းဖြစ်သည်။

Dark Shadow အဖွဲ့အနေဖြင့် ယမန်နေ့ကပြုလုပ်ခဲ့သောမစ်ရှင်မှာ စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲကိုလက်မခံ ကြောင်းနှင့် စစ်ကောင်စီကိုအားပေးထောက်ခံပြီး စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင် နေသူများကို ပြင်းထန်စွာသတိပေးကြောင်းပြသသည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကြာမီကျရောက်လာမည့် သင်္ကြန်ပွဲတော်ကာလတွင်လည်း စစ်ကောင်စီကိုအခွန်ပေးပြုလုပ်နေသည့် သင်္ကြန် ပါတီပျော်ပွဲရွှင်ပွဲများနှင့် စစ်ကောင်စီကိုယ်စားပြု မြို့နယ်ရေကစားမဏ္ဍပ်များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သဖြင့် တော်လှန်သင်္ကြန်တွင် ပူးပေါင်းကာ စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတွင်မပါဝင်ပဲ ဆန့်ကျင်ကြရန် Dark Shadow အဖွဲ့က မေတ္တာရပ်ခံထားသည်။

ပုံ- စမ်းချောင်းမြို့နယ် ရေကစားမဏ္ဍပ်

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်

#ရေကစားမဏ္ဍပ်

#စစ်ကောင်စီ

#မြို့ပြပြောက်ကျားများ

#ဖောက်ခွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly