တောင်သာ NLD ရုံးကို စစ်ကောင်စီ လက်အောက်ခံ လူစု ဝင်ရောက်ဖျက်ဆီးဟုဆို

By 007 (မဇ္စျိမ)
09 April 2023
တောင်သာ NLD ရုံးကို စစ်ကောင်စီ လက်အောက်ခံ လူစု ဝင်ရောက်ဖျက်ဆီးဟုဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ် NLD ပါတီရုံး အဆောက်အအုံကို ရဲ ၊ စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များပါဝင်သော စစ်ကောင်စီ လက်အောက်ခံ လူစုက လာရောက်ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

“လူအင်အားနဲ့ ဝင်ဖျက်သွားကြတာဗျ။ အရပ်ဝတ်နဲ့လူတွေက စိမ်ပြေနပြေ ဖျက်ဆီးနေတာကို ရဲနဲ့ စစ်သားတွေက လုံခြုံရေးယူပေး ထားတယ်။ အားရအောင် ထုရိုက်ခွဲပြီးမှ ပြန်သွားကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၇ ရက် ည ၁၀ နာရီ ဝန်းကျင်က ကားနှစ်စီး၊ ဆိုင်ကယ်ခြောက်စီးဖြင့် လူအင်အား ၃၀ ခန့် ပါဝင်သော လူစုရောက်လာကာ NLD ပါတီရုံး မှန်များအား ရိုက်ခွဲပြီး အဆောက်အအုံကို ပေါင်တူများဖြင့် ထုရိုက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများကလည်း ဆိုသည်။

အဆောက်အအုံအတွင်းမှ ပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းသေးမရှိပေ။

စစ်ကောင်စီ၏ UEC က NLD ပါတီ အပါအဝင် ပါတီအရေအတွက် ၄၀ ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ NLD ပါတီရုံး အဆောက်အအုံတချို့ကိုလည်း စစ်ကောင်စီလက်အောက်ခံများက ဖျက်ဆီးခဲ့သေးသည်။

ထို့အပြင် ရဲနှင့် စစ်သား စောင့်ရှောက်ပေးထားသည့် ထိုလူစုသည် ဧပြီလ ၃ ရက်နေ့ ညက ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းပေါ်ရှိ NLD ပါတီတိုင်းရုံး အဆောက်အအုံမှ ပါတီဆိုင်းဘုတ်အား လည်းကောင်း ဧပြီလ ၅ ရက်နေ့ညတွင် ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်ရှိ NLD ပါတီမြို့နယ်ရုံး အဆောက်အအုံကိုလည်းကောင်း ဖျက်ဆီးခဲ့သည်။

အလားတူ ရန်ကုန် ၊ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ NLD ပါတီ ဗဟိုဌာနချုပ်တွင် လွှင့်တင်ထားသော ပါတီအလံလည်း ဖြုတ်ချခံထားရကြောင်း ဧပြီလဆန်းပိုင်းက ထွက်ပေါ်ခဲ့သည့်သတင်းများအရ သိရသည်။

ပါတီဆိုင်းဘုတ် အလံနှင့် အဆောက်အအုံ ဖျက်ဆီးခံနေရမှုများနှင့် ပတ်သက်၍ ကျူးလွန်မှုများအား စောင့်ကြည့် မှတ်တမ်းတင်ထားပြီး တစ်ချိန်တွင် တာဝန်ခံရလိမ့်မည်ဟု NLD ပါတီ ဗဟိုအလုပ်ကော်မတီက မီဒီယာကတစ်ဆင့် စစ်ကောင်စီကို သတိပေးထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် ၁,၂၃၅ ဦး ဖမ်းဆီးခံထားရပြီး ၂၆ ဦးမှာ စစ်ကြောရေးနှင့် အကျဉ်းထောင် အတွင်း သေဆုံးကြောင်း၊

အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦးရှိပြီး ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော် ကြိုးပေးသတ်ဖြတ်ခံခဲ့ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၂၀၆

ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်း ယူခံခဲ့ရပြီး ၄၇ ဦး၏ နေအိမ်များလည်း ဝရမ်းကပ်ခံထားရကြောင်း၊ ပါတီရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများ အကြိမ် ၁၂၀ ကျော် ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်းခံထားရကြောင်း NLD ပါတီသတင်းထုတ် ပြန်ချက်အရသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#NLD ပါတီ

#ဖျက်ဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly