ရန်ကုန်-မော်လမြိုင် အမြန်ရထား အတွဲ ၃တွဲ ပြုတ်ကျန်ခဲ့

By ဂျူချန်း (မဇ္ဈိမ)
09 April 2023
ရန်ကုန်-မော်လမြိုင် အမြန်ရထား အတွဲ ၃တွဲ ပြုတ်ကျန်ခဲ့

ရန်ကုန်မှ မော်လမြိုင်မြို့သို့ ပြေးဆွဲနေသည့် ရန်ကုန်-မော်လမြိုင် အမြန်ရထား အမှတ် ၈၉ သည် ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ခရီးသည်တင်သည့် ရထားတွဲ သုံးတွဲ ပြတ်ကျန်ခဲ့ကြောင်း စီးနင်းလိုက်ပါသူများထံက သိရသည်။

အဆိုပါ ရထားသည် ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာဘူတာအကျော်နားတွင် ရထားလမ်းလွဲချော်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ဆောင်လာသည့် ရထားတွဲသုံးတွဲ ပြတ်ကျန်ခဲ့ကြောင်း နှင့် အဆိုပါ ရထားဆိုင်းတွဲ ပြုတ်ကျန်ရစ်ခဲ့ခြင်းကြောင်း ခရီးသည်များ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“မှောက်တော့ မမှောက်သွားဘူး။ ဘယ်သူမှတော့ ဘာမှ မဖြစ်သွားပါဘူး။ တောင်ကြားနှစ်ခုကြား ပြုတ်သွားတာဆိုတော့ မမှောက်သွားဘူး” ဟု အဆိုပါရထားတွဲတွင် စီးနင်းလိုက်ပါလာသူ၏ မိသားစုတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထိုရထားတွဲတွင် လိုက်ပါလာသည့် ခရီးသည်များအား ဒေသခံများက နီးစပ်ရာ ကားဂိတ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ရန်ကုန်-မော်လမြိုင် အမြန်ရထား

#အမြန်ရထား အတွဲ ၃တွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly