ပေါင်းတည်မြို့တွင် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ် မိုင်းဖောက်ခွဲခံရ

By ရွှေနွယ် (မဇ္ဈိမ)
09 April 2023
ပေါင်းတည်မြို့တွင် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ် မိုင်းဖောက်ခွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီက ဦးစီးဆောက်လုပ်နေသောသင်္ကြန်မဏ္ဍပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ(၉)ရက်၊နံနက်(၅)နာရီခန့်တွင် အသံမိုင်း‌ဖောက်ခွဲသတိ‌ပေးလိုက်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ စစ်ရေးသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက်၊ဘုရားကြီးလမ်းရှိစစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၃၆၀၁ တပ်ခွဲ - ၅ နွေဦးတပ်ဖွဲ့က မိုင်းဖြင့်ဖောက်ခွဲသတိပေးခဲ့ခြင်းဟု သိရသည်။

"ပေါက်ကွဲသံကတော်တော်ကျယ်တယ်။လူတော့မထိဘူးတဲ့။ စစ်ကောင်စီက လမ်းပိတ်စစ်တယ်။ လူတော့ ရှင်းသွားပြီး အခုတော့ ပုံမှန်အတိုင်း သွားလာနေကြတယ်" ဟု မြို့ခံတစ်ဦးက ယနေ့နေ့လယ် ၁၂နာရီခန့်တွင် ပြောသည်။

စစ်ကောင်စီမှ ၎င်းတို့ပြုလုပ်မည့်သင်္ကြန်ပွဲအားလူစည်ကားစေရန် မဲလက်မှတ်များပြုလုပ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ကျေးရွာအုပ်ချုပ်ရေးမှုးများမှတဆင့် လောင်းကစားဒိုင်များ၊ သစ်မှောင်ခိုသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ NON CDM ဝန်ထမ်းများသို့ လက်မှတ်များရောင်းချနေကြောင်းလည်း ပဲခူးတိုင်းစစ်ရေးသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

"ပြည်သူတွေအနေနဲ့ သူတို့နဲ့အနီးဆုံးနေရာတွေမှာမနေကြဖို့နဲ့ စကစက ပြုလုပ်တဲ့ သင်္ကြန်ပွဲ

ကိုမပါဝင်ဘဲ တော်လှန်င်္ကြန်မှာပူးပေါင်းပါဝင်ပေးကြဖို့ကို အထူးမေတ္တာရပ်ခံအပ်ပါတယ်” ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒေသခံ ပြည်သူများအား မေတ္တာရပ်ခံထားသည်။

ပဲခူးတိုင်းအတွင်းမြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ ဦးစီး၍ သင်္ကြန်

မဏ္ဍပ်များဆောက်လုပ်နေကြပြီး ထိုမဏ္ဍပ်များမှလွဲ၍ အခြားရေကစားမဏ္ဍပ်များကို မတွေ့ရကြောင်း ဒေသခံများက‌ပြောသည်။

စာတည်း - မောင်ကြီး

#ပေါင်းတည်မြို့နယ်

#သင်္ကြန်မဏ္ဍပ်

#အသံမိုင်း‌ဖောက်ခွဲသတိ‌ပေး

#ပဲခူးတိုင်းစစ်ဒေသခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly