အလောင်းများအား ဆေးကြောရန် BGFက၎င်းတို့ ၏ အကျဉ်းသားများအား အသုံးပြုနေ

By ဂျူချန်း၊ YT (မဇ္ဈိမ)
09 April 2023
အလောင်းများအား ဆေးကြောရန် BGFက၎င်းတို့ ၏ အကျဉ်းသားများအား အသုံးပြုနေ

ရွှေကုက္ကိုလ်မြို့သစ် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော BGF စစ်သားများ ၏ အလောင်းများကို ဖောကားဖြင့် သယ်ယူနေသော ဓာတ်ပုံများအား Cobra Column တပ်ခွဲ-၄ မှ ဧပြီလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ထိုဓာတ်ပုံပါ BGF အလောင်းများအား ဆေးကြောသန့်စင်နေသူများ ၏ ခြေထောက်တွင် သံကြိုးချည်၍ သော့ခတ်ထားသည်ကို တွေ့ရသည်။

ရွှေကုက္ကိုလ်မြို့သစ်၊ ထီးဝါးပလော ထီးကော်ထောကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းငါးခုအား တိုက်ခိုက်ခဲ့သော ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော BGF စစ်သားများ ၏ ရုပ်အလောင်းများအား ဖောကားပေါ်မှ သယ်ယူ၍ ဆေးကြောသန့်စင်နေသော ထိုဓါတ်ပုံတွင် ပါဝင်သော ခြေထောက်သံကြိုးများချည်၊ သော့ခတ်ထားသော အလောင်းဆေးနေသူများသည် BGFက ဖမ်းဆီးထားသော အကျဉ်းသားများ ဖြစ်ကြောင်း ရွှေကုက္ကိုလ်မြို့သစ်ရှိ မဇ္ဈိမသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

" ရေဆေးပေးနေတဲ့သူတွေကတော့ အကျဥ်သားဆိုတာ ဖြစ်နိုင်တယ်။ ရွှေကုက္ကိုလ်မြို့ထဲမှာလည်း BGF ရဲ့ထောင်ရှိတယ်။ ရွှေကုက္ကိုလ်လို နေရာမျိုးမှာဆိုတော့ ခိုးဆိုးလုယက်တွေ၊ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေဖြစ်နိုင်တယ် " ဟု ၎င်းကဆိုသည်။

အမည်မဖော်လိုသူတစ်ဦးကလည်း "ဒီလူတွေက BGF က ဖမ်းထားတဲ့အကျဉ်းသားတွေဖြစ်နိုင်တာပေါ့။ သူတို့ လူမှမရှိတော့တာ။ သူတို့လည်း စစ်တပ်လိုမျိုး ကျင့်သုံးမှာပေါ့ သူတို့သုံးဖို့လူမရှိတော့ ထောင်ထဲက လူတွေထုတ်သုံးနေတာမျိုး" ဟု မဇ္ဈိမကို ပြောသည်။

ဒါ့အပြင် ပုံတွင်ပါသော ခြေထောက် သံကြိုးချည်သော့ခတ်ပုံသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနတွင် အကျဉ်းသားများအား ခြေချင်းခတ်သည့် ပုံစံမဟုတ်ကြောင်း အကျဉ်းဦးစီးဌာနမှ CDM ပြုလုပ်လာသော ရဲဘော်တစ်ဦးထံက သိရသည်။

" ကျွန်တော်တို့ဆီမှာ သုံးနေကျက ခြေချင်းဝတ်မှာ သံထောင့်နဲ့ ခတ်တဲ့ ခြေချင်း၊ ခြေချင်းနှစ်ဖက်ကို ချုပ်ထားတဲ့ပုံစံ၊ ဒါမျိုးမဟုတ်ဘူး၊ ပေါင်မှာလည်း သံကွင်းမခတ်ဘူး၊ အခုလို သံကြိုးနဲ့ သော့ခတ်တာတော့ တစ်ခါမှ မမြင်ဖူးဘူး" ဟု အကျဉ်းဦးစီးဌာနမှ CDM ပြုလုပ်လာသော ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဒါ့အပြင် နှစ် ၂၀ ကျော်ကြာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့သူတစ်ဦးက ယခုပုံပါ သံကြိုးများနှင့် ခြေထောက်အား သော့ခတ်သော အနေအထားသည် အကျဉ်းထောင်များတွင် အကျဉ်းသားများအား ပြုလုပ်နေကျပုံစံမဟုတ်ကြောင်း၊ ၎င်းအနေဖြင့် အကျဉ်းထောင်ထဲတွင် ဖြတ်သန်းစဉ်ကာလတစ်လျှောက် မတွေ့ဖူးကြောင်း မှတ်ချက်ပေးသည်။

ဒါ့အပြင် ၎င်းက ပုံပါလူများအား BGF မှ သံကြိုးချည်သော့ခတ်ထားသည်ဆိုပါက ထိုလူများသည် BGF အကျဉ်းသားများဖြစ်နိုင်ကြောင်း ဆိုသည်။

"ခုခြေထောက်မှာ သံကြိုးတွေနဲ့ သော့ခတ်ထားတာက BGF ကဆို BGF က သူတို့ရဲ့အကျဥ်းသားတွေဖြစ်နိုင်ပါတယ်။ ထွက်မပြေးနိုင်အောင်၊ ပြေးရင်လည်းခရီးမရောက်အောင်၊ ရန်ပြန်မလုပ်နိုင်အောင် သံကြိုးခတ်ထားတာ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့ ခြေထောက်တွင် သံကြိုးပတ်၍ သော့ခတ်သော ပုံစံအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအနေဖြင့်လည်း အကျဉ်းသားများအပေါ် အသုံးပြုခြင်းမရှိကြောင်း PDF ရဲဘော်တစ်ဦးထံက သိရသည်။

" PDF တွေမှာ အပြစ်ပေးရင် အပြစ်ကြီးရင် ကြီးသလို ခြောက်ပေါက်လို့ခေါ်တဲ့ ထိပ်တုံးထဲ ထည့်တယ်။ အချုပ်ခန်းထဲ ထည့်တယ်။ ဒီလောက်ပဲ၊ ဒါမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး" ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း ရွှေကုက္ကိုလ်မြို့သစ်၊ ထီးဝါးပလော ထီးကော်ထောကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းငါးခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၈၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ခြေချင်းခတ်

#BGF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly