ဒီးမော့ဆို နှစ်ရက်တာပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု KNDF ထုတ်ပြန်

By 001 (မဇ္စျိမ)
09 April 2023
ဒီးမော့ဆို နှစ်ရက်တာပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု KNDF ထုတ်ပြန်

ကရင်နီ ပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ပေါ်တစ်ကြောတွင် ဖြစ်ပွားခဲ့သော နှစ်ရက်တာပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်တို့တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့တို့အကြား တနေကုန်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားပြီး စစ်ကောင်စီ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် နှစ်လက်၊ MA-3 သေနတ် တစ်လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ခဲယမ်းမီးကျောက်များနှင့် အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KNDFက ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါ နှစ်ရက်တာပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များက လက်နက်ကြီးများအဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ ၄ ရက်နေ့တိုက်ပွဲတွင် တိုက်လေယာဉ်ဖြင့် ခြောက်ကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့ကြောင်း KNDFကထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KNDF B/06တပ်ရင်းမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး၊ ဒေါတငူး၊ တနီးလာလဲ ကျေးရွာများအနီးတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် KA ၊ KNDFတပ်ပေါင်းစုများအကြား ပြီးခဲ့သည့် မတ်လမှစတင်ပြီး ယခုဧပြီလအထိ နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ကရင်နီပြည်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် မတ်လကုန်အထိ တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဦးရေ ၁၈၀၀ ကျော်သေဆုံးခဲ့ကာ PDF ၊ KNDFနှင့် KAတပ်ဖွဲ့ဝင် ဦးရေ၂၅၀ ကျော်ကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#KNDF

#တိုက်ကွဲပြင်းထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly