ထိုင်ဝမ်သမ္မတနှင့်အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံမှုအပေါ် ထိရောက်ပြတ်သားစွာ တုံ့ပြန်မည်ဟု တရုတ် ကတိပြု 

ထိုင်ဝမ်သမ္မတနှင့်အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံမှုအပေါ် ထိရောက်ပြတ်သားစွာ တုံ့ပြန်မည်ဟု တရုတ် ကတိပြု 

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီတို့ ကယ်လီဖိုးနီးယားတွင် တွေ့ဆုံမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ပြီး တရုတ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ပြတ်သား ထိရောက်သော အစီအမံများ လုပ်ဆောင်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် စိုင်၏အမေရိကန်ခရီးစဉ်ကို တစ်ထောက်နားမှု အဖြစ် ဖော်ပြထားပြီး ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အကြီးအကျယ် ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောသည်။ 

စိုင်အင်ဝမ်နှင့် မက်ကာသီတို့သည် တရုတ်၏ကိုယ်စားပြုမှုများနှင့် အကြိမ်ကြိမ်သတိပေးခြင်းတို့ကို အလေးမမူဘဲ အစည်းအဝေးကို ဆက်ကျင်းပနေကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ 

အမေရိကန်အရာရှိများသည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးပမ်းသည့် ခွဲထွက်ရေးစကားများပြောဆိုရန် စိုင်အင်ဝမ်အား နေရာပေးနေကြောင်း တရုတ်က ပြောသည်။ အမေရိကန်အတွင်း ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးသမားများ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်းကြံစည်ရန်၊ ထိုင်ဝမ်နှင့် တရားဝင်ချိတ်ဆက်ဆောင်ရွက်ရန်၊ ထိုင်ဝမ်နှင့်ဆက်ဆံရေးတိုးမြှင့်ရန်နှင့် တစ်ထောက်နားခရီးစဉ်ဟု ဖုံးကွယ်ပြောဆိုခြင်းဖြင့် အမေရိကန်သည် ထိုင်ဝမ်နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုင်ဝမ်သမ္မတ၏ခရီးစဉ်သည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်ပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ကြောင်း တရုတ်က ပြောသည်။ 

အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန်ပူးတွဲကြေညာချက်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်၊ အမေရိကန်ခေါင်းဆောင်များအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံရန်နှင့် ထိုင်ဝမ်နှင့်တရုတ် ခွဲခြားမမြင်ရန် ၊ ထိုင်ဝမ်နှင့် တရားဝင်ဖလှယ်သည့် မည့်သည့်ပုံစံကိုမဆို ချက်ချင်း ရပ်တန့်ရန်၊ ထိုင်ဝမ်နှင့်ဆက်ဆံရေးတိုးမြှင့်မှုကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုဖြစ်စေသော အကြောင်းအရာများဖန်တီးခြင်းကို ရပ်တန့်ရန်၊ ထိုင်ဝမ်ပြဿနာကို အမြတ်ထုတ်၍ တရုတ်အား ထိန်းချုပ်ကန့်သတ်ခြင်းကို ရပ်တန့်ရန်နှင့် မှားယွင်းပြီး အန္တရာယ်များသည့်လမ်းကို ထပ်မံ မလျှောက်လှမ်းရန် အမေရိကန်အား တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

စိုင်အင်ဝမ်သည် ဧပြီ ၅ ရက်က ကယ်လီဖိုးနီးယားတွင် မက်ကာသီနှင့်တွေ့ဆုံပြီး ဒီမိုကရေစီသည် ခြိမ်းခြောက်ခံနေရကြောင်း ပြောဆိုပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။  

“အားလုံးမြင်တဲ့အတိုင်းပါပဲ။ မိမိတို့ ထိန်းသိမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ကြိုးစားတည်ဆောက်လာတဲ့ ဒီမိုကရေစီဟာ ဒီနေ့ခေတ်မှာ မကြုံစဖူး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု စိုင်က မက်ကာသီနှင့်တွေ့စဉ် ပြောကြားခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။ 

“မိမိတို့ဟာ ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရတဲ့ကမ္ဘာထဲ တစ်ဖန်ပြန်ရောက်နေပါတယ်။ လွတ်လပ်မှုမီးရှူးတန်ဆောင်ကို ဆက်ထိန်းထားဖို့ အရေးကြီးတယ်ဆိုတာ လျှော့တွက်လို့ မရပါဘူး” ဟု စိုင်အင်ဝမ်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly