နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၈ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၈ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့ဝန်ထမ်း CDMer များနှင့် တွေ့ဆုံပြီး စိတ်ခွန်အားပေးတာကို ဧပြီ ၆ ရက် ည ၇ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာ တစ်ရွာက ပြည်သူများကို ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ မှုပြုလုပ်ခဲ့သည်။ 

  • မကွေးတိုင်း၊ရေစကြိုနယ် ရေလယ်ကျွန်းဒေသ အမျိုးသားညီညွတ်ရေး အစိုးရ၊ပညာရေး ဝန်ကြီးဌာနက ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၈နာရီမှာ ကျင်းပပြုလုပ်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၃)ကို ဧပြီ ၇ ရက် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် (၃) ဦးကို ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီးပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ထံ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်း ပေးအပ်ခဲ့သည့် ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ဖြေရှင်းဆောင်ရွက်နေကြောင်း ထုတ်ပြန် ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၈ ရက် နံနက် ၆ နာရီ အချိန်တွင် စတင်၍ ယုန်လေးကုန်း(ရွာသစ်) ၊ တရော်တော နှင့် ကုက္ကိုယ်စု ကျေးရွာများကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း Eagle -သိန်းငှက်ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော် မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို တမာရင်ခွင် လူမှုကူညီရေးအသင်းက ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ အသားတုနှင့် အဝတ်အထည်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဒါန်းတိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့ မနက် ၄ နာရီ၀န်းကျင်မှာ ၀င်ရောက် ပစ်ခတ် စီးနင်း ခဲ့တာ ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ တွေက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင်ပြီးခဲ့သည့် ​ဖေ​​ဖော်ဝါရီလကစ၍ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ယခုဧပြီလတွင်လည်း တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေကာ စစ်​ရေးတင်းမာ​နေ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အနောက်ပိုင်း ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပတ္တမြားမြေ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာတွင် တပ်စွဲထားသော တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်တစ်ဦးကို ထောက်လှမ်းရေး သတင်းစုဆောင်းရန် အရပ်ဝတ်ဖြင့် ထွက်လာစဉ် အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေါင်းညီနောင် (P. K. U) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ လက်နက်ကြီးကျည် များ ထုတ်လုပ်သော အမှတ် ၁၀ ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရုံ( ပကစ ၁၀) အား ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စက်ရုံ အ ဆောက်အအုံ မီးလောင် ပျက် စီး ခဲ့ကြောင်း PRA (မကွေး)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ နောင်မွန် နယ် မြေ ရဲစခန်းအနီးတွင် ယမန်နေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာရရှိကြောင်း ၊ စစ်တပ်က ရဟတ်ယာဉ် အသုံးပြု၍ ပစ်ခတ်မှုရှိကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုး သားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် မှုကြောင့် သေဆုံးပြီးနောက် အလောင်းအား မိသားစုထံသို့ လာ ရောက်အပ်နှံခဲ့ကြောင်း မိသားစုဝင်များနှင့်‌ ဒေသခံများက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း စစ်ကောင်စီတပ်သားများ​​၏ ဖမ်းဆီးခြင်းခံရသော ဒေသခံပြည်သူများရှိနေပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့က ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ချင်းကာကွယ်ရေးတပ် CDF-Senthang က ပြုလုပ်သည့် ဒုတိယ အကြိမ်မြောက် အရန်တပ်ဖွဲ့ သင်တန်းကို အောင်မြင်စွာပြုလုပ်သည်ဟု ယမန်နေ့ ဧပြီလ ၇ရက်နေ့တွင် CDF-Senthang က ထုတ်ပြန်ထားသည်။ 

  • တရားမဝင် ဒုစရိုက်မြို့တော် ရွှေက္ကိုလ်မှ ပြည်သူများ တိမ်းရှောင်ကြရန်၊ ကရင်ပြည်နယ်ကို ပျက်စီးစေသည့် ရွှေက္ကိုလ်ကို တိုက်ခိုက်မည်ဟု ကော်သူလေးတပ်မတော် ကြေညာသည်။ 

 

စစ်ကောင်စီ 

  • ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ် အမိန့်ချမှတ်အပေါ် အယူခံဝင်သွား မည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံက သိရသည်။ 

  • စစ်ကောင်စီသည် မန္တလေးသင်္ကြန်ပွဲ စည်ကားစေရန် ပုဂ္ဂလိကအလုပ်ရုံ ၀န်ထမ်းများကိုပါ အလှည့်ကျပါ၀င် ရေကစားကြရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ 

  • ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ CDM ဝန်ထမ်း မနေခြည် အောင်ကို  စစ်တပ်က မတရား ဖမ်းဆီးသွားကြောင်း မိဘဆွေမျိုးများနှင့် ရင်းနှီးသူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြသပိတ် ခေါင်း ဆောင် ကိုကျော်ဝင်းစိန် အပါအဝင် ပြည်သူ ၉ ဦးကို စစ်ကောင်စီက နှစ်ရည် ထောင် ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။ 

  • ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံရသော ရွေးကောက်ပွဲအနိုင်ရ NLD ပြည်သူ့လွှတ်တော်အမတ် ဦးဌေးမင်းသိန်းအား ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ပေါင်းတည်ထောင်သို့ ရွှေ့ပြောင်းထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရသည်။ 

  • ATM စက်များမှ ငွေထုတ်ယူမှုများကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း (အရာထမ်း)များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးက သိရသည်။ 

  • အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံတို့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် အစည်း အဝေးကို ယနေ့ ဧပြီ(၇)ရက်တွင် အွန်လိုင်းဖြင့် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက် အရသိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးပညာပိုင်း ရာထူးဝင်အလုပ်အကိုင်နေရာပေါင်း ၁၈၂နေရာ အပါအဝင် အခြားဝန်ကြီးဌာနတွေရဲ့အလုပ်အကိုင်နေရာများခေါ်ယူထားကြောင်း သိရသည်။ 

ဧပြီ ၈ ရက် သုံးသပ်ချက် 

  • မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် တော်လှန်ရေး အားကောင်းနေသလို မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင်လည်း တော်လှန်ရေးအားကောင်းနေပြီး စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေသည်ကြားမှ စစ်ကောင်စီ ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်လာသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီမှ CDM များကို အညိုးတကြီးဖမ်းဆီးကာ ထောင်နှစ်ရှည်ချမှတ်နေသလို စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြသည့် သပိတ်ခေါင်ဆောင်များ ပြည်သူများကိုလည်း အညိုးတကြီးဖြင့် မတရားသည့် ထောင်ဒဏ်များဖြင့် နှစ်ရှည်ချမှတ်နေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly