ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်လာသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ

By ဂျူချန်း (မဇ္ဈိမ)
08 April 2023
ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်လာသူ ၁၀,၀၀၀ ကျော်အထိ ရှိလာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ကျေးရွာများမှ ဒေသခံများသည် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်ကြရာ လက်ရှိတွင် ဦးရေ ၁၀,၀၀၀ ကျော်နေပြီဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူထံက သိရသည်။

ထိုင်းအာဏာပိုင်များက တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များ အရေးပေါ်ယာယီ နေထိုင်နိုင်ရန် နေရာ ၁၅ ခု စီစဉ်ပေးထားရာ စစ်ဘေးရှောင်အရေအတွက် များပြားသဖြင့် သန့်စင်ခန်း၊ အခင်း၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဧရာဝတီအဝေးရောက်အသင်း တာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောသည်။

“အစားအသောက်ရယ်၊ နောက်ဒီနေရာက ခြင်ကိုက်တယ်။

နောက် အခင်းတွေ၊ အဝတ်အစား အနည်းအပါးလေးတွေ လိုတယ်ပေါ့။ အမိုးအကာက မလုံလောက်ဘူး။ အရေးပေါ်ဆိုတော့ လိုအပ်မှုတော့ ရှိတာပေါ့။ တဲလေးတစ်ခုမှာ ဖျာတွေခင်းပြီး စုပြုံအိပ်ရတာ” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များတွင် အသက် ၁၀ နှစ်အောက် ကလေးအများစုနှင့် သက်ကြီးရွယ်အို အဖိုးအဖွားများပါ ပါဝင်ကြောင်း ဆိုသည်။

“ဒီနေ့တွေ့လာတာ အငယ်ဆုံးဆိုရင် တစ်လလောက်ရှိတယ်။ အကြီးဆုံးဆိုရင် အသက် ၈၀ လောက်အထိ ရှိတယ်။ ကလေးလေးတွေများတယ်။ သုံးချိုးတစ်ချိုးကျော်တယ် ကလေးဦးရေက ။လေးနှစ်၊ငါးနှစ် ၊ ဆယ်နှစ်အောက်တွေပေါ့” ဟု ကိုဖိုးသင်္ကြန်က ပြောသည်။

မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်များ၊ PDF များနှင့် စစ်ကောင်စီလက်အောက်ခံ BGF တို့ကြား ဧပြီလ ၅ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်နေ့ မှ ဧပြီလ ၂၁ ရက်နေ့အထိ နှစ်ပတ်ကြာ အသုံးပြုသွားလာခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဆယ်ဖွဲ့၏ စစ်ကြောင်းမှူးများက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်

#မြဝတီမြို့

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly