ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့

By လွှမ်းမိုး(မဇ္ဈိမ)
08 April 2023
ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၈ ရက် နံနက် ၆ နာရီ အချိန်တွင် စတင်၍ ယုန်လေးကုန်း(ရွာသစ်) ၊ တရော်တော နှင့် ကုက္ကိုယ်စု ကျေးရွာများကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ မီးရှို့သွားတာတော့ နံနက်ပိုင်း အစောကြီး ရှို့သွားတယ်။ ယုန်လှေးကုန်းကို စပြီးရှို့တယ် ၊ ပြီးတော့ တရော်တော နှင့် ကုက္ကိုလ် စု ရွာတွေကို ဆက်ပြီး ရှို့တယ်။ လက်ရှိမှာတော့ မီးသတ်နေတုန်းပါပဲ၊ မီးလောင် အိမ်ခြေစာရင်းကတော့ အတိအကျ မသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးကဆိုသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ယုန်လှေးကုန်း ၊ ကုက္ကိုယ်စု ၊ တရော်တော ၊ နှောပင်ရိုး၊ ဇီးတော စတဲ့ ကျေးရွာများ မှ ဒေသခံပြည်သူ ၅,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

“ ခေတ်ကာလ မကောင်းတဲ့ကြားက စစ်ရှောင်နေရတာနဲ့ တောအလုပ်၊ တောင်အလုပ်လေးကို ဖြောင့်ဖြောင့် မလုပ်ရဘူး။ လက်လုပ် ၊ လက်စားတွေဆိုတော့ စားဝတ်နေရေး အခက်အခဲ တော်တော်လေးရှိနေတာပေါ့။ အခုလည်း တောထဲမှာပဲ စစ်ရှောင်နေရတာ ။ ရာသီဥတုကလည်း ပူတော့ ချွေးထွက်များပြီး အမောဖောက်တာတွေလည်း ရှိနေတယ်” ဟု အခြားဒေသခံ တစ်ဦးကဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် နှောပင်ကျေးရွာတွင် ရောက်ရှိတပ်စွဲနေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly