ပင်လောင်းနှင့် ဖယ်ခုံတွင် တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ

ပင်လောင်းနှင့် ဖယ်ခုံတွင် တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ

မဇ္စျိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင်ပြီးခဲ့သည့် ​ဖေ​​ဖော်ဝါရီလကစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုဧပြီလတွင်လည်း တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေကာ စစ်​ရေးတင်းမာ​နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ဖယ်ခုံမြို့နယ် မြောက်စလုံးနှင့် တောင်စလုံးတို့တွင် တနေ့လုံးနီးပါး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်​နေကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF (KK)က ပြောသည်။

“​လေးရက်​နေ့မှာ ​မြောက်စလုံးမှာ မနက် ငါးနာရီက​နေစပြီး တ​စ်နေကုန်နီးပါးဖြစ်တယ်။ တိုက်ပွဲပြင်းထန်တယ်။ စကစ​ ကနေ ​လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ​၄ ရက်​နေ့ ညကိုးနာရီခွဲမှာလည်း ထပ်မံပြီး တိုက်​လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ၄ ရက်နေ့မှာ မြောက်စလုံးမှာဖြစ်ပြီးတော့ ၅ ရက်နေ့မှာ တောင်စလုံးမှာ စကစက လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲတယ်။ ဗုံးလာကြဲပစ်ခတ်တဲ့အခါ တောင်စလုံးမှာရှိတဲ့ နေအိမ်တွေထိခိုက်ပျက်စီးမှုတွေ များစွာ ပျက်စီးလောင်ကျွမ်းခဲ့တယ်”ဟု PNDF (KK)မြေပြင်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထို့​နောက် ဧပြီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် အခြေအနေ စောင့်ကြည့်​နေသည့် အနေအထားပြန်ဖြစ်နေသော်လည်း ထိတွေ့တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းက သတင်းတွေ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့်မထွက်ဘူးဆိုပေမယ့် ရှမ်းပြည်ပဲပေါ့နော်။ ဖယ်ခုံနဲ့ အဲ့ဒီ တောင်စလုံးတို့ ဘာတို့ဆိုတာက ရှမ်းပြည်နယ်ဘက်မှာလည်း စစ်ရေးက ဘယ်အချိန်ဖြစ်မလဲဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အရမ်းတင်းမာနေတဲ့ အနေအထားတစ်ခုတော့ရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ဒီမော့ဆိုဘက်မှာလည်း စစ်ရေးအတင်းမာဆုံး အခြေအနေဖြစ်နေတယ်” ဟု ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU မှ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။

၂၀၂၃ ခုနှစ် မတ်လ တစ်လတာကာလအတွင်း ကယားပြည်နယ်( ကရင်နီ )၊ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် ငါးခုဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ် ၊ ဖယ်ခုံမြို့နယ်၊ ဒီမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဉ်တွင် ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNDFက ဖော်ပြသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ်အတွင်း တောင်မဲသင်း၊ လုံးပျဉ် ၊ ပင်ပုံ၊ နမ့်နိန်းကျေးရွာများ အပါအဝင် ရွာရှစ်ရွာခန့် စစ်ဘေးရှောင်နေရပြီး ပင်လောင်းမြို့နယ်မြောက်ဘက်ခြမ်းတွင် ရွာ​လေးရွာမှ စစ်ဘေးရှောင်ဦးရေ ၆,၀၀၀ ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

“စစ်ရှောင်တွေက လောလောဆယ်က ဆန်၊ ဆီ၊ ဆေး၊ ဆားတွေက အလှူရှင်တွေက သိပ်မလာကြတော့လေ နောက်တစ်လလောက်ဆိုရင် ဆန် တစ်လစာလောက်ပဲ ရှိတော့တယ်။ အဝေးက အလှူရှင်တွေလည်း မလာကြတော့ ကျွန်တော်တို့ ဒေသခံတွေပဲ အလှူခံဖို့ အစည်းအဝေးခေါ်လိုက်တယ်”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူအနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီဖြစ်ပြီး ထိုအထဲမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UN OCHA Myanmar က ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required