ဖမ်းဆီးခံ ကြို့ပင်ကောက်မြို့နယ် NLD လွှတ်တော်အမတ်အား ပေါင်းတည်ထောင်သို့ပို့

By ရွှေနွယ် (မဇ္ဈိမ)
07 April 2023
ဖမ်းဆီးခံ ကြို့ပင်ကောက်မြို့နယ် NLD လွှတ်တော်အမတ်အား ပေါင်းတည်ထောင်သို့ပို့

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံရသော ရွေးကောက်ပွဲအနိုင်ရ NLD ပြည်သူ့လွှတ်တော်အမတ် ဦးဌေးမင်းသိန်းအား ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ပေါင်းတည်ထောင်သို့ ရွှေ့ပြောင်းထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ကြို့ပင်ကောက်မြို့နယ် စျေးချိုတောင်ရပ်ကွက်၊ ပွဲစားတန်းလမ်း နေအိမ်၌ ရှိနေသော ဦးဌေးမင်းသိန်းအား စစ်ကောင်စီတပ်သားများမှ အရပ်ဝတ်နှင့် ဆိုင်ကယ်များဖြင့်လာရောက်ဖမ်းဆီးသွားပြီးနောက် ပြည်မြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်သို့ခေါ်ဆောင်သွားခဲ့သည်ဟု ဦးဌေးမင်းသိန်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းကပြောသည်။

"ပြည် ဒကစ ကနေ ကြို့ပင်ကောက် ရဲစခန်းကိုပြန်ခေါ်ပြီးမှ ပေါင်းတည်ထောင်ကို ရွှေ့တယ်လို့သိရပါတယ်။ လောလောဆယ် ၅၀၅/၁၇(၁) (မတရားအသင်းအက်ဥပဒေပုဒ်မ) ကပ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်” ဟု နီးစပ်ရာအသိုင်းအဝိုင်းမှ ပြောသည်။

ဦးဌေးမင်းသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်၌အနိုင်ရရှိထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ဦးဌေးမင်းသိန်းသည် စစ်အာဏာသိမ်းစ ကာလများတွင် ခေတ္တတိမ်းရှောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ကြို့ပင်ကောက်မြို့နေအိမ်တွင်ပင်ပြန်လည်နေထိုင်နေပြီး ၎င်း၏နေအိမ်တွင်ပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဒေသခံများမှ ဦးဌေးမင်းသိန်းမှာ စစ်ကောင်စီထံတွင် အာမခံပြုလုပ်ပြီး နေအိမ်တွင်ပြန်လည်နေထိုင်နေခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း လက်ရှိတွင် မည်သည့်အတွက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် မတ်လ ၂၉ရက်အထိ ပါတီဝင် ၁,၂၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပါတီဝင်၂၆ ဦးသည် စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#သာယာဝတီခရိုင်

#စစ်ကောင်စီ

#နိုင်ငံတော်အာဏာ

#ကြို့ပင်ကောက်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly