ယခုနှစ်မတ်လအတွင်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသတ်ဖြတ်သည့် အမျိုးသမီးစုစုပေါင်း ၂၉ ဦးရှိပြီး စစ်ကိုင်းတိုင်းမှ သေဆုံးသူ ၁၉ ဦးဖြင့် အများဆုံးဖြစ်ကြောင်း Burmese Women's Union အဖွဲ့က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အသက်ဆုံးရှုံးခဲ့သူများတွင် အများစုမှာ ပြည်သူများဖြစ်ပြီး သီးသန့်ခွဲထုတ်ထားခြင်းမရှိသည့် အတွက် တော်လှန်ရေးရဲဘော် အမျိုးသမီး အနည်းငယ်လည်းပါဝင်ကြောင်း Burmese Women's Union အဖွဲ့၏ မှတ်တမ်းဌာနတာဝန်ခံ မသွယ်ဇင်တိုးကပြောသည်။
"အများစုကတော့ စစ်ပွဲပဋိပက္ခကြောင့်ဖြစ်ပြီး စစ်ပွဲတွေရဲ့မြေဇာပင်ဖြစ်ပြီးတော့ အသတ်ခံရလို့ သေဆုံးရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကရွာတွေထဲဝင်ရင် ဖမ်းမိလို့အသတ်ခံရတာက စစ်ပွဲတွေမှာ အပြန် အလှန်ပစ်ခတ်လို့ လက်နက်ထိမှန်ပြီးသေဆုံးတာတွေထက် ပိုများပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးစုစုပေါင်း ၅၈ ဦးရှိပြီး စစ်ကိုင်းတိုင်းအတွင်း အဖမ်းခံရသူ ၁၉ ဦးဖြင့် အများဆုံး ဖြစ်နေကြောင်းလည်း သိရသည်။
Burmese Women's Union အဖွဲ့၏ထုတ်ပြန်ချက်အရ လက်ရှိတွင် ဖမ်းဆီးခံရသူနှင့် သေဆုံးသူ အမျိုး သမီးများတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။
“တစ်နိုင်ငံလုံးရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းက လက်ရှိမှာ စစ်မီးအတောက်ဆုံးနေရာ တွေထဲက တစ်ခုဖြစ်တယ်ပေါ့နော်။ စစ်တပ်က စစ်ကြောင်းထိုးတာတွေမှာ အထိနာတာများတယ်။ အဲဒါ ကြောင့် စစ်တပ်က အရက်စက်ဆုံးကိုင်တွယ်ဖြေရှင်းတာဖြစ်တယ်။ ဒါ့ကြောင့် အဲဒီမှာနေတဲ့ ပြည်သူတွေ သူတို့ကိုမဆန့်ကျင်နိုင်အောင် အကြောက်တရားတွေထည့်ဖို့အတွက် ဝင်သမျှရွာတွေကို သူတို့ မီးရှို့တယ်။ ပြီးရင် ဖမ်းမိတဲ့ သူတွေကို အကုန် သတ်ပစ်တယ်။ အဲဒါကြောင့် စစ်ကိုင်းတိုင်းက အမျိုးသမီးသေဆုံးမှု အမြင့်ဆုံးဖြစ်နေတယ်”ဟု မသွယ်ဇင်တိုးက ရှင်းပြသည်။
ကျေးရွာများကို စစ်ကြောင်းထိုးပြီး ဖမ်းဆီးသွားသည့် အမျိုးသမီး အများစုမှာ အသက်ရှင်လျက် ပြန်လွတ် လာခြင်း မရှိသလောက်ရှားကြောင်း ဆိုသည်။
လက်ရှိစာရင်းများသည် သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များအပေါ် အခြေခံထားသည့်စာရင်းများဖြစ်ပြီး မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ ၂၁,၂၂၂ ဦးရှိပြီး ထိန်းသိမ်းခံရသူ ၁၇,၃၅၅ ဦးရှိရာ သတ်ဖြတ်ခံရသည့် လူဦးရေပေါင်း ၃,၂၁၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ