သပိတ်ကျင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍  ပြည်သူ ၁ ဦးသေဆုံးဟုဆို 

By ပါခွီး (မဇ္စျိမ)
06 April 2023
သပိတ်ကျင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍  ပြည်သူ ၁ ဦးသေဆုံးဟုဆို 

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံးများပြီး ၎င်းယာဉ်တန်းကို လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်မှပစ်ခတ်သဖြင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)ကဧပြီလ ၆ ရက်တွင်ထုတ်ပြန်သည်။ 

ထီးချိုင့်မြို့မှ မန္တလေးဘက်သို့ တွဲကားသုံးစီးဖြင့် မောင်းနှင့်လာပြီး အင်အား ၈၅ ဦးပါသော စစ်ကောင်စီယာဉ်တန်းကို ဧပြီလ ၅ ရက် မွန်းလွဲ ၂နာရီ ၂၅မိနစ်ခန့်တွင်  အာရုဏ်ဦးကျေးရွာအနီး၌  လက်နက်ကြီး၊လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

“သတင်းကြိုရထားတဲ့အတွက်စောင့်ကြိုတိုက်ခိုက်ခဲ့ကြာတာပါ။ မိနစ် ၂၀ လောက် ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပါတယ် ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ပြောသည်။ 

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်စာရင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်းဆိုသည်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် အာရုဏ်ဦးနှင့်ကွမ်းတောလမ်းကြားတွင် အဆိုပါစစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူကင်းပုန်းဝပ်စောင့်ပေးနေသော စစ်ကောင်စီတပ်သားများမှ လမ်းဘေးဝဲယာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

ထိုသို့ပစ်ခတ်မှုကြောင့် အာရုဏ်ဦးနှင့် ကွမ်းတောလမ်းကြားအနီးဝန်းကျင်ရှိနေအိမ်တစ်အိမ်တွင်ထမင်းချက်နေသော အသက် (၆၀)နှစ်ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးကို  သေနတ်ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ 

အသက်ဆုံးရှုံးခဲ့ရသော အမျိုးသမီးကြီးအတွက် ဝမ်းနည်းကြေကွဲရပြီး အနူးအညွှတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့်  တိုက်ပွဲဖြစ်ပါက ဘေးလွတ်ရာအမြန်တိမ်းရှောင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- တကောင်းက  ထုတ်ပြန်ထားသည်။ 

တိုက်ပွဲများဖြစ်ပွားလျက်ရှိသော သပိတ်ကျင်းမြို့နယ်အတွင်း ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအနေဖြင့် မနက် ၄ နာရီမှ ည ၈ နာရီအတွင်းသာ မောင်းနှင်အသုံးပြုကြရန်လည်း ဧပြီလ ၅ ရက်နေ့တွင် သတိပေးထားသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။  ။ မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly