ထန်းကုန်းတိုက်နယ်တွင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးတင်ရှို့နေ၍ စစ်ဘေးတိမ်းရှောင်သူ ပိုများလာဟုဆို

By ကိုခင်မောင်(မဇ္ဈိမ)
04 April 2023
ထန်းကုန်းတိုက်နယ်တွင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးတင်ရှို့နေ၍ စစ်ဘေးတိမ်းရှောင်သူ ပိုများလာဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများမှ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့၍ စစ်ဘးရှောင် ဒေသခံများ ပိုမိုများပြားလာသည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၃ရက် ညနေ ၄နာရီခန့်တွင် အင်အား ၁၅၀ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့များသည် အင်းလယ်ကြီးရွာထဲသို့ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း အင်းလယ်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။

ထိုစစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၃ရက်နေ့တွင် အင်းလယ်ကြီးရွာ၌ ညအိပ်ရပ်နားခဲ့ပြီး ယနေ့ ဧပြီလ ၄ရက် နံနက် ၆နာရီတွင်လည်း လူနေအိမ်များအား နှစ်ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ဒေသခံလူနေအိမ် မည်မျှပျက်စီးဆုံးရှုံးသည်ကိုမူ အတည်ပြု၍ မရသေးကြောင်း ၎င်းကဆိုသည်။

“တိုက်ပွဲတော့မရှိဘူးဗျ၊ တောက်လျောက်ဝင်ရှို့နေတာ။ စစ်ရှောင်တွေကတော့ တောထဲတွေမှာ ဖြစ်သလိုနေထိုင်နေကြရပါတယ်၊ အခြေခံစားသောက်ကုန်၊ အမိုးအကာနဲ့၊ ဆေးဝါးတွေတော့ အရေးပေါ်လိုအပ်ပါတယ်ဗျ” ဟု အင်းလယ်ကြီးရွာ ဒေသခံက မဇ္ဈိမသို့ပြောသည်။

အိမ်ခြေ ၈၀၀ကျော်ရှိသော အင်းလယ်ကြီးရွာသည် စစ်ကောင်စီတပ်မှ ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့များမှ အင်းလယ်ကြီးရွာရှိ လူနေအိမ် ၁၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရသိရသည်။

အင်းလယ်ကြီးရွာကို မီးရှို့သွားသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၂ရက်နေ့တွင်လည်း ကိုးတောင်ဘို့တိုက်နယ်၊ လျှော်ဖြူကုန်းရွာမှ လူနေအိမ် ၆၀လုံးကို အကြမ်းဖက်မီးရှို့ခဲ့သည်ဟု ဆိုသည်။ ယင်းနေ့တွင်ပင် ထန်းကုန်းတိုက်နယ် ဉာဏ်အင်းရွာရှိ ဒေသခံလူနေအိမ်များကို စစ်ကောင်စီတပ်များမှ မီးတင်ရှို့နေ၍ လူနေအိမ် ၄၀လုံးမီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများသည် လျှော်ဖြူကုန်းရွာကို သုံးကြိမ်မြောက်မီးတင်ရှို့သွားခြင်းဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၂၆၀လုံးအနက် ၁၈၂လုံးမီးလောင်ပြာကျသွားကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးတင်ရှို့နေသော စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးများသည် ယနေ့နံနက်ပိုင်းတွင် အင်းလယ်ကြီးရွာမှ ကိုးမိုင်ကျော်ကွာဝေးသော ကန့်ဘလူမြို့၊ အမြှောက်တပ်ရင်း(၆၀၀၆)သို့ ပြန်ဝင်သွားကြသည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

အလားတူ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ချပ်ကြီးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ ဧပြီလ ၄ရက် နံနက် ၁၀နာရီ ၃၇ မိနစ်တွင် ချပ်ကြီးရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းတိုက်နယ် ၊ ချပ်သင်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ် များသို့ ဧပြီလ ၂ရက်နေ့မှစ၍ တစ်ပြိုင်တည်း စစ်ကြောင်းဝင်ရောက်လာခြင်းကြောင်း ဒေသခံ ၁၀,၀၀၀ကျော်သည် နီးစပ်ရာ တောထဲတဲတိုက်များသို့ ရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း ဧပြီလအတွင်း စစ်ဘေးရှောင်ဦးရေများနှင့် ယခင်က စစ်ဘေးရှောင်ဦးရေပေါင်းလျှင် ဒေသသခံဦးရေ စုစုပေါင်း ၃၀,၀၀၀ခန့် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကန့်ဘလူခရိုင်

#လူနေအိမ်

#စစ်ကောင်စီတပ်သား

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly