ထိုင်းသင်္ကြန်၌ အသုံးအစွဲ ဒေါ်လာ ၃ ဘီလီယံကျော် ရှိမည် ခန့်မှန်း 

ထိုင်းသင်္ကြန်၌ အသုံးအစွဲ ဒေါ်လာ ၃ ဘီလီယံကျော် ရှိမည် ခန့်မှန်း 

စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာခြင်းကြောင့် လာမည့် ထိုင်းနှစ်သစ်ကူးပွဲတော်အတွင်း ပြည်သူများ၏ သုံးစွဲမှုသည် လေးနှစ်တာအမြင့်ဆုံးအဖြစ် ၁၇ ရာခိုင်နှုန်း တိုးမြင့်ကာ ဘတ်ငွေ ၁၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၅ ဘီလီယံ) ရှိလာနိုင်သည်ဟု ကုန်သွယ်ရေးတက္ကသိုလ်က အင်္ဂါနေ့တွင် ပြောသည်။ 

၂၀၁၉ ခုနှစ် ကပ်ဘေးမတိုင်ခင်က ဘတ် ၁၃၆ ဘီလီယံ သုံးစွဲမှု ရှိခဲ့ချိန်မှနောက်ပိုင်း ယခုနှုန်းသည် အမြင့်ဆုံး ဖြစ်မည်ဖြစ်ကာ COVID-19 ကူးစက်ပြန့်နှံ့မှု ငြိမ်သက်သွားသည်ကို ပြသလျက်ရှိသည်ဟု တက္ကသိုလ်၏ ဥက္ကဋ္ဌ သာနာဗတ်ရှ် ဖွန်ဗီချိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“ဝင်ရောက်ပျော်ပါးမယ့်သူ များပြားမှာကြောင့် ဒီနှစ် ဆွန်ခရန် ရေကစားပွဲတော်ကတော့ ပျားပန်းခပ်မျှ စည်ကားနိုင်ပါတယ်”ဟု ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သော ထိုင်းသင်္ကြန်ပွဲတော်ကို ရည်ညွှန်းပြီး ၎င်းက ပြောသည်။ “စီးပွားရေးစနစ်ထဲ ငွေကြေး ပိုစီးဆင်းလိမ့်မှာ ဖြစ်တယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးစုရုံးမှုများကလည်း စီးပွားရေးနှင့် စားသုံးသူများ လှုပ်ရှားဆောင်ရွက်မှုတို့ကို အားဖြည့်နေသည်ဟု ၎င်းက ဆိုသည်။ 

အရှေ့တောင်အာရှ ထိုင်းနိုင်ငံသည် အခရာကျသော ခရီးသွားလုပ်ငန်းအား ပြန်လည်အသက်သွင်းရေးအတွက် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် COVID-19 ကန့်သတ်ချက်များအား ဖယ်ရှားခဲ့ပြီး ယင်းနောက်၌ ခရီးသွားဧည့်သည် လာရောက်မှု ထိုးတက်လာသည်ကို မြင်တွေ့ရသည်။ 

ပြီးခဲ့သည့်နှစ်၌ နိုင်ငံသည် အချို့သော ဖျော်ဖြေရေးပွဲများကို ခွင့်ပြုခဲ့သော်လည်း ပွဲတော်အတွင်း လမ်းပေါ် ရေကစားခြင်းများကို တားမြစ်ခဲ့သည်။ 

ပုံမှန်နှစ်များတွင်မူ ဆွန်ခရန်ပွဲတော်ကာလ၌ ရေသေနတ်များ၊ ရေပိုက်များဖြင့် လမ်းများပေါ် လူအများ ရေပက်ကစားကြလေ့ရှိပြီး ကမ္ဘာတွင် အကြီးဆုံးသော ရေကစားပွဲတော်အဖြစ် ဖော်ပြခံရခြင်း ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly