နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၄ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၄ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ယခုအချိန် အကြမ်းဖက်စစ်တပ်၏ အင်အား အချိနဲ့ဆုံးအချိန်ဖြစ်ပြီး တခေတ်တခါမှ မကြုံခဲ့ဖူးသည့် ပြည်သူများမှ စုပေါင်းအားဖြင့် နည်းမျိုးစုံဆန့်ကျင်ခဲ့ကြကြောင်း။ အထင်ရှားဆုံးကတော့ ပြည်သူ့ကြားက ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့ အင်အားစုများ ခိုင်ခိုင်မာမာပေါ်ထွက်လာ သလို၊ တဖက်မှာလည်း ဌာနဆိုင်ရာ အသီးသီးကနေပြီး CDM လုပ်ကာ စစ်တပ်၏ အာဏာရူးမှုကို ဆန့်ကျင်ခဲ့ကြောင်း ယာယီသမ္မတကြီး ဒူးဝါးလရှီးလက ပြောသည်။ 

  • ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာန်အရ တိကျရှင်းလင်းစွာ မြင်နေရသည့် နိုင်ငံရေးလမ်းပြ မြေပုံနှင့် အခြေခံ မူများ အတိုင်း မမှိတ်မသုန် ဆက်လက် လျှောက်လှမ်းကြ ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

  • မြန်မာနိုင်ငံတွင် ပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကနေဒါနိုင်ငံ Montmorency ကောလိပ် မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ကျောင်းသားများကို ရှင်းပြကြောင်း နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ်ရုံးထံမှ သိရှိရသည်။ 

  • နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ Open-Ended Working Group on Ageing ရဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ ၃ ရက်ကနေ ၆ ရက်နေ့ အထိ ကျင်းပပြုလုပ်နေပြီး ကုလသမဂ္ဂ ဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်မိန့်ခွန်း ပြောသည်။ 

  • အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ အခုဖေ​ဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၄၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၆၄၉) ယောက် သေဆုံးကာ (၇၅၆) ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂)စစ်ဒေသ၊ အထူး စစ်ဆင်ရေး တပ်ဖွဲ့(SOF)၏ အထူးစစ်ဆင်ရေးသင်တန်း လေ့ကျင့်ရေးအပိုင်း(၁)ဗီဒီယိုဖိုင်အား ဧပြီလ ၃ ရက်နေ့ ညပိုင်း တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အောက်ကျင်းရပ်ကွက်၊ ရှမ်းစုအလယ်လမ်း၊ သုဝဏ္ဏဈေးအနီးရှိ သထုံခရိုင် လ.ဝ.က ရုံးဟောင်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူကျေးရွာရှိ နယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ စခန်းမှူး မြင့်ကျော်အပါအဝင် ၂၄ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးကြောင်း CDF-CDM- Siyin မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်းရွာကို စစ်ကြောင်းထိုး စီးနင်းနေသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျစ်ပြင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ မှ ဆန်နှင့် ဆီ များ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီနှင့် စည်းရုံးလှုံ့ဆော် ရေးဆပ်ကော်မတီဝင်တို့မှ တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲ​ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ဖားကန့်မြို့တွင် ယနေ့ ဧပြီလ ၄ ရက် နေ့၌ ဖားကန့်ပြည်သူများ ဦးဆောင်ကာ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တွင် ဗကသ ကျောင်းသားများက "စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ" စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ရခိုင်ပြည်နယ်အတွင်း မောင်တော မြောက်ပိုင်းနှင့် ဘူးသီးတောင် တောင်ပိုင်းတွင်ရှိသော ဒုက္ခသည် ၂၈၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မတ်လအတွင်း သွားရောက် အကူအညီပေးနိုင် ခြင်းများမရှိခဲ့ဟု သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီနယ်စပ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ကြား ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ  ၃၀၀ကျော်သေဆုံးကာ ၁၃ ဦးလက်ရဖမ်းဆီးထားမိကြောင်း ထုတ်ထားသည်။ 

  • ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေရှိ မတ်လ အတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၉၂ ဦးသေဆုံးကြောင်း KNU-မူတြော် သတင်းစဉ်ထုတ်ပြန်ချက် အရ သိရသည်။ 

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် စစ်ကောင်စီအကြား ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS/SSA အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ 

စစ်ကောင်စီ 

  • မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar သည် အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနှင့်ဝန်ကြီးများကို ဧပြီ (၃) ရက်က နေပြည်တော်၌သီးခြားစီသွားရောက်တွေ့ဆုံ၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂယာဘုရားဖူးသူများနှင့် အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်မည့်သူများ အနေဖြင့် လေဆိပ်တွင် မိမိတို့ယူဆောင်လာသည့် အမေရိကန်ဒေါ်လာ ငွေကြေးပမာဏာကို တရားဝင် ကြေညာရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားသည်။ 

  • ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် တောင်ပြို လက်ဝဲနှင့် ငါးခူရစခန်းနှစ်ခုတွင် ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ ဝန်ထမ်းများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတူ တာဝန်ချထားပြီး ပြန်လည်လက်ခံရေး စီမံချက်နှင့်အညီ ပြန်လည်လက်ခံရန် အသင့်ရှိနေပြီဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကသိရသည်။ 

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin အား အကြမ်းဖက်မင်းအောင်လှိုင်က သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ဧပြီ(၃)ရက်က လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးက ထုတ်ပြန်သည်။ 

  • မြန်မာနှင့်လာအိုအကြား လျှပ်စစ်ဓာတ်အားဝယ်ယူရောင်းချရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိ လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာ မြို့အထိ လည်းကောင်း ရောက်ရှိနိုင်မည်ဟု အကြမ်းဖက်စကစ လျှပ်စစ်စွမ်းအားဝန်ကြီး သောင်းဟန်က ပြောသည်။ 

  • မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) စစ်ကိုင်းခရိုင် အမှတ်(၁) တပ် ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း PDF အချင်းချင်းသတ်ဖြတ်၍ သေဆုံးခြင်းဖြစ်သည်ဟု စစ်ကောင်စီ ထောက်ခံသူ များက ဖြန့်ဝေနေကြသည်။ 

  • ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေသည်ကို ကျေးဇူးမတင် မုဒိတာမပွားနိုင်သည့် လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားဟောင်းများ၊ တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေသည့် သတင်းမီးဒီယာဌာနများက တာဝန်ရှိသူများကို ဖမ်းဆီးနိုင်ရန် စောင့်ကြည့်နေပြီဟု အကြမ်းဖက်မင်းအောင်လှိုင်က ရခိုင်ရောက်ရှိစဉ် ခြိမ်းခြောက် ပြောဆိုထားသည်။ 

ဧပြီ ၄ ရက် သုံးသပ်ချက် 

  • ကိုကိုးကျွန်းတွင်တရုတ် ရေတပ်စခန်းဆောက်လုပ်နေသည်ဟု အိန္ဒိယသတင်းများတွင် ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar သည် အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနှင့်ဝန်ကြီးများကို ဧပြီ (၃) ရက်က နေပြည်တော်၌ သီးခြားစီသွား ရောက် တွေ့ဆုံခဲ့သည့်အတွက် အိန္ဒိယက စစ်ကောင်စီကို ဖိအားများပေးလာဖွယ်ရှိသည်။ 

  • ပြီးခဲ့သည့် မတ်လအတွင်း စစ်ကိုင်း၊ကရင်နီ၊ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန် ထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှအသေများခဲ့ကြောင်းတော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်များ အရသိရသည်။ပဲခူးနှင့်ရေးထားဝယ်၊တနင်္သာရီဘက်တွင်လည်း တိုက်ပွဲများခပ်စိတ်စိတ်တွေ့လာရပြီး တော်လှန်ရေးအရှိန်မြင့်လာသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly