စစ်ကောင်စီအမြစ်ဖြုတ်ရေးကို နိုင်ငံတကာက ဦးစားပေးစဉ်းစားရဲ့လား | သတင်းသုံးသပ်ချက်

စစ်ကောင်စီအမြစ်ဖြုတ်ရေးကို နိုင်ငံတကာက ဦးစားပေးစဉ်းစားရဲ့လား | သတင်းသုံးသပ်ချက်

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး လုပ်သင့်တယ်၊ စစ်ကောင်စီအနေနဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်တယ်လို့ ဆိုနေချိန်မှာပဲ အကြမ်းဖက် စစ်ကောင်စီက NLD အပါအဝင် ပါတီပေါင်း ၄၀ ကျော်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီလို ပါတီတွေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများက စိုးရိမ်နေကြပြီး စစ်ကောင်စီကို ရှုတ်ချတာမျိုးတွေ လုပ်လာကြပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရှုမြင်မှုက အခုအချိန်အထိ လွဲမှားနေသေးတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပြီး စစ်အာဏာသိမ်းမှုဟာ NLD နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲမဟုတ်ဘဲ၊ ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူတွေနဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲသာဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

NLD ပါတီဟာ လူထုထောက်ခံမှု အများဆုံးရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပါတီတစ်ရပ် ဖြစ်တာကို ငြင်းချက်ထုတ်စရာ မရှိပါဘူး။

ဒါပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ပြည်သူတွေဟာ NLD ပါတီကို ကာကွယ်တာ မဟုတ်ဘဲ၊ ပြည်သူ့ဆန္ဒနဲ့ ဒီမိုကရေစီ လိုလားမှုကို မျက်ကွယ်ပြုပြီး မတရားအာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြတာ ဖြစ်တယ်ဆိုတာကို အာဏာသိမ်း စစ်ခေါင်းဆောင်က ထည့်မတွက်ခဲ့ပါဘူး။

အခု အာဏာသိမ်းတာ ၂ နှစ်ကျော် ကြာတဲ့အထိ စစ်ကောင်စီဟာ ပြည်သူလူထုကို မထိန်းချုပ်နိုင်သေးပါဘူး။ စစ်ကောင်စီအနေနဲ့ လက်နက်ကိုင် တော်လှန်သူတွေကိုသာ တိုက်နေရတာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနဲ့ တိုက်နေရတာပါ။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အာဏာသိမ်းကာလ သက်တမ်းထပ်ခါ ထပ်ခါတိုးပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်ဆိုပေမယ့် နိုင်ငံအနှံ့အပြား မငြိမ်သက်မှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို အတိအကျ မကြေညာနိုင်ဘူး ဖြစ်နေပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ သူ့အရှေ့က စစ်ဗိုလ်ချုပ်တွေလို စစ်ဝတ်စုံချွတ်ပြီး သမ္မတလုပ်ဖို့ ရည်ရွယ်ချက် ရှိခဲ့ပေမယ့် ပြည်သူတွေ ထောက်ခံမှု လုံးဝမရှိတဲ့အပြင် စစ်ဝတ်စုံဝတ်ထားချိန် သူ့တပ်တွင်းမှာတောင် ထောက်ခံမှု မရတဲ့အပိုင်းတွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကို အချိန်ဆွဲနေတာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုကို အမျိုးမျိုး ညှဉ်းပမ်းနှိပ်စက်နေပြီး ရွာလုံးကျွတ် မီးရှို့တာတွေ၊ လေကြောင်းကတိုက်ခိုက်တာတွေ ပိုပြီး ပြင်းပြင်းထန်ထန် လုပ်နေပါတယ်။ စစ်ကောင်စီ အနေနဲ့ သူလိုတာမရမချင်း ပြည်သူကို မြေလှန်ပစ်ဖို့ လုပ်ဆောင်သွားမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ပြည်သူလူထု ဘက်ကလည်း စစ်ကောင်စီ ဘယ်တော့မှ အုပ်ချုပ်လို့မရစေရ ဆိုတဲ့မူနဲ့ မဆုတ်မနစ် ဇွဲခတ်ပြီး တော်လှန်သွားမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

တချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ ပြည်သူနဲ့ စစ်ကောင်စီရဲ့ တဖက်နဲ့တဖက် မလျှော့တဲ့ တင်းမာမှုတွေကို စိုးရိမ်စိတ်ပူတဲ့အပြင် ဘယ်လိုမှ ညှိနှိုင်းလို့ရတော့မှာ မဟုတ်ဘူးဆိုတာလည်း ရိပ်မိနေပါပြီ။

ဒါပေမယ့် မြန်မာ့အရေး အမြန်အဆုံးသတ်ရေးအတွက် နိုင်ငံတကာက ဘယ်လိုကိုင်တွယ်မယ် ဆိုတာကလည်း စဉ်းစားရ ကျပ်စေပါတယ်။

NLD ပါတီ အနေနဲ့ စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် နိုင်ငံရေးမှာ မြေအောက်ပါတီတစ်ရပ် ဖြစ်သွားတဲ့ အတွက် NLD နဲ့ စစ်ကောင်စီ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့ဆိုတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အိပ်မက်က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

ပြည်သူနဲ့ စစ်ကောင်စီ နှစ်ဦးနှစ်ဖက် တင်းမာမှုတွေနဲ့လည်း ဒီအတိုင်း ရှေ့ဆက်မသွားသင့်ဘူးလို့ နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး ICG အဖွဲ့က မြန်မာ့အရေး အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်ပေမယ့် ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံတကာအပေါ် သက်ရောက်မှုအရတော့ ထိပ်တန်း ဦးစားပေးကိုင်တွယ်ဖို့ အားနည်းနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်း မဖြစ်နိုင်တော့ဘူးဆိုတာကို သေသေချာချာ သဘောပေါက်ပြီး စစ်ကောင်စီကို အမြစ်ဖြုတ်ရေး၊ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု မရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့ အောက်မှာ တပ်မတော်သစ် ပြန်လည်ဖွဲ့စည်းရေးဆိုတဲ့ ပြည်သူ့လိုလားချက် ပန်းတိုင်ကို အမြန်ရောက်ဖို့အတွက် နိုင်ငံတကာက အထူးအာရုံစိုက် ဦးစားပေး လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly