မြန်မာစစ်ရှောင်များ ခွင့်ပြုချက်ဖြင့်သာပြောင်းရွှေ့ရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးရုံး ထုတ်ပြန်

By ပါခွီး (မဇ္ဈိမ)
04 April 2023
မြန်မာစစ်ရှောင်များ ခွင့်ပြုချက်ဖြင့်သာပြောင်းရွှေ့ရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးရုံး ထုတ်ပြန်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်အတွင်းမှ မြန်မာစစ်ဘေးရှောင်များနေဖြင့် ရပ်/ကျေး အဆင့် စစ်ဘေးရှောင်ကော်မတီများ၏ ခွင့်ပြုချက်ရထားသူများသာ အခြားနေရာများသို့ ပြောင်းရွှေ့ခွင့် ရမည်ဖြစ်ကြောင်း ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးရုံးမှ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မတ်လ ၂၁ ရက်နေ့ကကျင်းပသော ကျန်ဖိုင်းခရိုင်အဆင့် မြန်မာစစ်ဘေးရှောင်ကော်မတီ District Level Committee on Myanmar Refugees (DLCMR) အစည်းအဝေးဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌဖြစ်သူ အုပ်ချုပ် ရေးမှူး Jame Lalrinchhana က အသိပေးခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ဘေးရှောင်များသည် နေထိုင်ရာရပ်ကွက်၊ ကျေးရွာများမှ အခြားနေရာများသို့ မိမိသဘောဆန္ဒ ဖြင့် ပြောင်းရွှေ့မှုများရှိနေသောကြောင့် စည်းကမ်းချက်ထဲတွင် ထိုကဲ့သို့ထည့်သွင်း ထုတ်ပြန်ထားခြင်းဟု ဆိုသည်။

ထုတ်ပြန်ချက်အရ ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီမှ ခွင့်ပြုချက်ပေးထားသူများသာ ပြောင်း ရွှေ့ခွင့်ရှိမည်ဖြစ်ပြီး အခြားခရိုင်များသို့ ပြောင်းရွှေ့မည့်ယာဉ်များကိုလည်း ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ် စစ်တပ်တို့မှစစ်ဆေးရန် ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့ပြင် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်အားလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်မှီ ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အပ်နှံရမည်ဖြစ်ပြီး ၎င်းကော်မတီမှ ထိမ်းသိမ်းထားမည်ဖြစ်ကြောင်း ဆိုသည်။

“ ကျန်ဖိုင်းနဲ့ ဆိုင်ဟားခရိုင်မှာ မြန်မာပြည်သားတွေပါဝင်နေတဲ့လို့ယူဆရတဲ့ လူသတ်မှုတွေဖြစ်ခဲ့တယ်။ တခြား မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာတွေ ထိန်းချုပ်ဖို့ အခုလို စည်းကမ်းတင်းကျပ်လိုက်ပုံရတယ်” ဟု ကျန်းဖိုင်းခရိုင်အတွင်းမှ မြန်မာစစ်ဘေးရှောင်တစ်ဦးက ပြော သည်။

ရပ်/ကျေး စစ်ဘေးရှောင်ကော်မတီမှ ခွင့်ပြုချက်ပေးထားသူများသာလျှင် ဈေးဆိုင်ဖွင့်ခြင်းနှင့် အခြား စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ရှိကြောင်း ယခုထုတ်ပြန်ခဲ့သည့် စစ်ဘေးရှောင်များ လိုက်နာရန် စည်းကမ်း ချက်များတွင်ပါဝင်သည်။

တစ်ဖက်တွင်လည်း ကျန်ဖိုင်းခရိုင်အတွင်း၌ မြန်မာစစ်ဘေးရှောင်အချို့မှ အစားအသောက်၊ အဝတ် အထည်နှင့် ကုန်စုံဆိုင်ဖွင့်လှစ်မှုများရှိထားသော်လည်း အရေးယူခြင်းတစ်စုံတရာ မရှိသေးကြောင်း သိရ သည်။

ကျန်ဖိုင်းခရိုင်အတွင်း ရပ်/ကျေးအဆင့်တွင်ဖွဲ့စည်းထားသော စစ်ဘေးရှောင်ကော်မတီအနေဖြင့် တစ်လ လျှင် အနည်းဆုံးတစ်ကြိမ် အစည်းအဝေးခေါ်ယူရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များကို ခရိုင်အဆင့် ကော်မတီ ထံ တင်ပြရမည်ဖြစ်သည်။

ရပ်/ကျေးအဆင့် ကော်မတီနှင့် မီဇိုလူငယ်အသင်း (YMA) တို့မှ တရားဥပဒေစိုးမိုးရေးအတွက် အထူးစောင့် ကြည့်သွားကြရန် အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်ကဆိုသည်။

ကျန်ဖိုင်းခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာတွင် မြန်မာစစ်ဘေးရှောင် ၁၀,၂၂၆ ဦး နေထိုင်လျက်ရှိပြီး အမျိုး သား ၃,၀၃၃ ဦး ၊ အမျိုးသမီး ၃,၂၆၄ ဦး နှင့် ကလေး ၃,၉၂၉ ဦးရှိကြောင်း ခရိုင်အဆင့်ကော်မတီမှ ပြုစုထား သော စာရင်းများအရသိရသည်။

အဆိုပါစာရင်းများမှ လူဦးရေ ၂,၆၄၃ ဦးမှာစစ်ဘေးရှောင်စခန်းများတွင်နေထိုင်ပြီး ကျန် ၇,၅၈၃ ဦးသည် စခန်းပြင်ပတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

စာတည်း ။။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#အိန္ဒိယ

#ကျန်ဖိုင်းခရိုင်

#မီဇိုရမ်

#မြန်မာစစ်ရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly