အင်းစိန်ထောင်မှ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့်တွေ့ခွင့်မရ

By ဂန္ဓမာ (မဇ္ဈိမ)
03 April 2023
အင်းစိန်ထောင်မှ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့်တွေ့ခွင့်မရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဥ်းထောင်မှ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများသည် မိသားစုနှင့်အဆက်အသွယ်မရ၊ တွေ့ဆုံခွင့်မရကြောင်း မိသားစုဝင်များ နှင့်ထောင်နှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၇၀၀ ခန့်ကို ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ဇန်နဝါရီလ အတွင်း ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး သုံးလခန့် ကြာမြင့်လာပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ခွင့်မရ ဖြစ်နေသည်။

မိသားစုကို အသိမပေးဘဲ ထောင်ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး ထောင်ဝင်စာသွားပို့မှ ထောင်ပြောင်းရွှေ့ခံ ရသည်ကို မိသားစုဝင်များကသိရှိရခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။

“ကာလကတော့ ၂၀၂၃ ဇန်နဝါရီလပေါ့။ အရေအတွက်က ဘယ်လောက်များလဲဆိုရင် ၇၀၀ လောက်ရှိ မယ်ဗျ၊ မိသားစုကိုလုံးဝအသိမပေးဘဲ အင်းစိန်အကျဉ်းထောင်ကနေ တိတ်တဆိတ်ရွှေ့တာ၊ အဆိုးဆုံး ကတော့ ကာယကံရှင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် မိသားစုတွေကိုပါ အပြစ်ပေး အရေးယူတဲ့ ပုံစံမျိုးပေါ့နော် ” ဟု ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။

ထိုသို့ထောင်ပြောင်းရွှေ့မှုထဲတွင် လှိုင်မြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် မတ်လတွင် ထောင်ဒဏ် ၁၃ နှစ်စီ အမိန့်ချမှတ်ခံထားရသော ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) မှ နိုင်ငံရေးအကျဥ်းသားများ ဖြစ်ကြသည့် အကြီးကောင် (ခ) ကျော်ဇေယျ၊ မန်းကီး (ခ) မင်းခန့်ကျော်နှင့် အိုဂျီ (ခ) ပိုင်ထူးခန့်တို့ သုံးဦး လည်း ပါဝင်သည်။

၎င်းတို့သုံးဦး ထောင်ရွှေ့ပြောင်းသည့်အကြောင်းကို မိသားစုအနေဖြင့် သိရခြင်းမရှိဘဲ ဇန်နဝါရီလ ၁၄ ရက် နေ့နောက်ပိုင်းတွင် အုပ်ထိန်းသူများက ထောင်ဝင်စာသွားတွေ့ရာမှ ထောင်ပြောင်းရွှေ့လိုက်ပြီဖြစ် ကြောင်း သိရှိရခြင်း ဖြစ်သည်။

သို့သော်လည်း ထိုသုံးဦးကို မည်သည့်ထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းထားသည်ကို မသိရသေးသကဲ့သို့ ထောင်ဝင်စာလည်းတွေ့ခွင့်မရဘဲဖြစ်နေကြောင်း ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ဥက္ကဋ္ဌက မဇ္ဈိမ ကို ပြောသည်။

“ကျွန်တော်တို့အရင်ကထုတ်ပြန်ထားတာမှာ သရက်ထောင်ကိုရွှေ့ပြောင်းတယ်လို့ ထုတ်ပြန်ထားပါ တယ်။ သူ့အမေကစုံစမ်းတဲ့အခါမှာ သရက်ထောင်မှာလည်းမရှိဘူးလို့ ကျွန်တော်တို့ သိရပါတယ်။

အဲဒါ ကြောင့် အခုထိထောင်ဝင်စာပို့လို့မရတဲ့အခြေအနေမျိုးပါ။ ဘယ်လိုအဆက်အသွယ်နဲ့ပဲဖြစ်ဖြစ် သရက် ထောင်မှာမရှိတာဖြစ်လို့ အခု လိုက်ပြီးတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။ အုပ်ထိန်းသူတွေ အနေနဲ့ကတော့ အခုထိ ဘယ်ထောင်မှာလဲမသိရသေးသလို ထောင်ပြောင်းရွှေ့တာကိုလည်း မသိရသေးပါဘူး၊ အခုထိ လည်း ထောင်ဝင်စာပို့လို့မရ သေးပါဘူး” ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား မိသားစုကို အသိမပေးဘဲ ထောင်ပြောင်းရွှေခြင်းသည် နိုင်ငံရေး အရ ဖိနှိပ်ခံနေရသူများကို အကြီးကျယ်ဆုံးဖိနှိပ်မှုတစ်ခုဖြစ်ကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးအရ ဖိနှိပ်ခံရတဲ့သူတွေကို အကြီးကျယ်ဆုံး ဖိနှိပ်မှုတစ်ခုက ထောင်အပြောင်းအရွှေ့ပဲ။ ဒါဟာ ဥပဒေကြောင်းအရ တရားဝင်လား၊ တရားဝင်တယ်ဆိုတဲ့စကားကို အထူးသဖြင့် ဒီအစိုးရလက်ထက်မှာ မပြောနဲ့တော့။ ညဖမ်းသွားပြီးတော့ မနက်ကျရင် အလောင်းလာယူခိုင်းတာက လုံးဝထောင်စည်းကမ်းနဲ့ မညီတာပဲ။ လူတစ်ယောက်သေသွားလို့ ငါတို့က အစီရင်ခံစာလေးတစ်စောင် ရေးလိုက်ရုံပဲကွ။ ငါတို့ကို လာမလုပ်နဲ့ဆိုပြီး အဲ့လိုခြိမ်းခြောက်ရိုက်နှက်ရာမှသည် နောက်လက်နက်ကြီးတစ်ခုကတော့ ထောင် ပြောင်းလိုက်တာပဲ” ဟု ရှေ့နေကြီး ဦးကြီးမြင့်က ပြောသည်။

အင်းစိန်ထောင်မှ ထောင်ပြောင်းရွှေ့သူများကို ပဲခူးတိုင်းရှိ သာယာဝတီထောင်နှင့် သရက်ထောင်သို့ ပြောင်းရွှေ့ကြောင်းသိရပြီး နိုင်ငံရေးအကျဥ်းသားအများစုပါဝင်ကာ အမျိုးသားများဖြစ်ကြောင်း ထောင် နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ထောင်အပြောင်းအရွှေ့ကြောင့် ပုံမှန်အင်းစိန်ထောင်တွင်သာပါဆယ်ပို့ရသည့် မိသားစုဝင်များ အနေဖြင့်လည်း ပြောင်းရွှေ့သွားသည့် ထောင်များသို့ သွားရောက်တွေ့ဆုံရန် အခက်အခဲများစွာ ရှိနေကြ ခြင်း ဖြစ်သည်။

ထိုသို့ အကျဉ်းသားများနှင့် ၎င်း၏မိသားစုဝင်တို့တွေ့ခွင့်မရသည့် အခြေအနေမျိုးတွင် အချိန်ကြာမြင့် လာသည်နှင့်အမျှ နှစ်ဖက်စလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိလာနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့က ပြောသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#အင်းစိန်ထောင်

#နိုင်ငံရေးအကျဉ်းသား

#ထောင်ဝင်စာ

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly