မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
03 April 2023
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး အုပ်ချုပ်ရေးမှူး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ ၁၃၁ လမ်းနှင့် ၅၃(C)လမ်းထောင့်ရှိ အဆိုပါအုပ်ချုပ်ရေးမှူးပိုင် ဆေးခန်းရှေ့တွင် ယနေ့ ဧပြီလ ၃ ရက် နံနက် ၇ နာရီခွဲခန့်က ၎င်း၏တူဖြစ်သူနှင့် အတူရှိနေစဥ် ဆိုင်ကယ် နှစ်စီးဖြင့် သေနတ်သမားလေးဦးရောက်လာပြီး ပစ္စတိုသေနတ်များဖြင့် ၁၀ ချက်ခန့် ပစ်သွားခြင်းဖြစ် ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

“အုပ်ကြီးနဲ့သူ့တူ အပစ်ခံရတာ၊ သူတို့ဆေးခန်းရှေ့မှာပဲ ပစ်သတ်ခံရတာ။ အုပ်ကြီးက (On The Spot) ပွဲချင်းပြီးပဲ၊ သူ့တူကိုတော့ ဆေးရုံကားနဲ့တင်ခေါ်သွားတယ်၊ သေဖို့များတယ် ဒဏ်ရာပြင်းတယ်” ဟု အခင်းဖြစ်ပွားသည့် ရပ်ကွက်အနီး နေထိုင်သူက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဦးစိုးမင်းဟန်( ၄၂ နှစ်)ဖြစ်ပြီး ပစ်ခတ်ခံရမှု ကြောင့်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ရင်အုံဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ရင်ညွန့်ဖောက် ဝင်ဒဏ်ရာ တစ်ချက်၊ နောက်ကျော ဖောက်ဝင်ဒဏ်ရာ သုံးချက်၊ ဝဲဘက်ဦးခေါင်း ဖောက်ဝင်ဒဏ်ရာ တစ် ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း၊ ၎င်း၏တူဖြစ်သူ မျိုးဆန်းဦး( ၂၆ နှစ်)တွင် ယာနောက်ကျောဘက် ဖောက်ထွက်ဒဏ်ရာ တစ်ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားကြောင်းကို မသိရသေးပေ။

မန္တလေးမြို့တွင် မတ်လ ၃၁ ရက်နေ့ကလည်း၊ ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက်မှ ရာအိမ်မှူး ဦးဆန်းအောင်ဆိုသူနှင့် ချမ်းမြသာစည်တောင်ရပ်ကွက်မှ ရာအိမ်မှူး ဦးစိုးနိုင်ဆိုသူတို့ သေနတ်ဖြင့်ပစ် သတ်ခံထားရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#ပြည်ကြီးတံခွန်မြို့နယ်

#အုပ်ချုပ်ရေးမှူး

#ပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly