မြေပြင်တိုက်ပွဲ အထိနာနေ၍ စစ်ကောင်စီတပ်က မဲကနယ်ဒေသကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေ

By သွင်ထူးဈာန်(မဇ္ဈိမ)
02 April 2023
မြေပြင်တိုက်ပွဲ အထိနာနေ၍ စစ်ကောင်စီတပ်က မဲကနယ်ဒေသကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း၌ဖြစ်ပွားနေသောတိုက်ပွဲတွင် စစ်ကောင်စီတပ်က မြေပြင်တိုက်ပွဲအထိနာနေသောကြောင့် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြု လုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၂၅ ရက်နေ့က မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်းစခန်း၊ (၂၇၅) တပ်ရင်းနှင့် (၃၅၅)တပ်ရင်းတို့ တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့တောင်ဘက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် က Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ငါးကြိမ်ပစ်ခတ်ခဲ့ကာ လက်နက်ကြီးများဖြင့် နေစဥ်ပစ်ခတ်မှုပြု လုပ်ခဲ့သည်။ ယင်းသို့ပစ်ခတ်မှုကြောင့် မြဝတီမြို့အနီးရှိ ရွှေမြစန္ဒီမြို့သစ်နှင့် အိမ်ငါးဆယ်ရပ်ကွက်တို့မှ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ထို့ပြင် ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်တွင် တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ရှေ့တန်းတွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်မှ အတည်ပြုပြောကြားသည်။

“လေယာဥ်တစ်စီးတည်းလာပြီး နှစ်ကြိမ်လာပစ်သွားတာ၊ တကြိမ်နဲ့တကြိမ်က နည်းနည်းပဲကြာတယ်။ ဗုံးကြဲသွားတဲ့အပြင် တိုက်လေယာဥ်တွေမှာပါတဲ့ လက်နက်တွေနဲ့ပါ ပစ်သွားတယ်။ ပစ်ခံရတဲ့နေရာက မဲကနယ်ဒေသက ကျေးရွာတစ်ရွာပါ၊ ဒေသခံတွေရဲ့နေအိမ်တွေ ပျက်စီးသွားတယ်”ဟု မဇ္ဈိမ သတင်း ထောက်မှ ပြောသည်။

စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF)တို့နှင့် KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်တို့ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး မတ်လ ၃၁ ရက်နေ့အထိ ခုနစ်ရက်ကြာဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်၊ ရဲနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)အပါအဝင် ၂၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးဖမ်းဆီးရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တစ်ဦးကျဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် မဲကနယ်ဒေသမှ ကျေးရွာ လေးရွာထက်မနည်း၊ လူဦးရေ ၄,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်

#မြဝတီမြို့နယ်

#မဲကနယ်ဒေသ

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly