ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်း တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့၁၈၀၀ ကျော်သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅၀ ကျော်ကျဆုံးဟုဆို

By 001 (မဇ္စျိမ)
02 April 2023
ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်း တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့၁၈၀၀ ကျော်သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅၀ ကျော်ကျဆုံးဟုဆို

ကရင်နီပြည်(ကယားပြည်နယ်)တွင် အာဏာသိမ်းကာလအတွင်း တိုက်ပွဲ‌အကြိမ်ရေ ၆၅၀ ဖြစ်ပွားခဲ့ပြီး PDF၊ KNDFနှင့် KA တပ်ဖွဲ့ဝင် ၂၅၂ ဦးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ၂၀၂၃ခုနှစ် မတ်လ၃၁ရက်အထိ ဒေသတွင်း တိုက်ပွဲများနှင့် ထိခိုက်မှုစာရင်းချုပ်ကို PKPFက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကျဆုံးမှုမှာ ၂၅၂ဦး ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၄၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၇၀ ဦးနှင့် ယခု ၂၀၂၃ခုနှစ် ပထမသုံးလအတွင်း ၄၁ ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး နေအိမ်များ ပျက်စီးမှု ၁၄၀၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံပျက်စီးမှု ၃၃ခု ရှိခဲ့ကြောင်း PKPFက ထုတ်ပြန်ထားသည်။

ထို့ပြင် သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၃၁၃ ဦးရှိပြီး စစ်ဘေးရှောင်စဉ် သေဆုံးခဲ့သည့်အရပ်သား ၁၃၄ ဦးရှိကြောင်းလည်း ဆိုထားသည်။ စစ်ကောင်စီထံတွင် မတရားဖမ်းဆီးခံထားရသူ ၂၇၉ ဦးရှိကြောင်း PKPFကဆိုသည်။

အဆိုပါ ကာလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှသေဆုံးသူ ၁၈၈၃ဦးရှိကြောင်း PKPF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှ သေဆုံးမှုမှာ ၂၀၂၁ ခုနှစ်တွင် ၄၄၈ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၁၁၅ ဦးနှင့် ယခုနှစ်ပထမသုံးလအတွင်း ၃၂၀ ဦးရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲ ၈၁၀၀ ကျော်ဖြစ်ပွားခဲ့​ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP – Myanmar) က ဖေဖော်ဝါရီလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကရင်နီပြည်(ကယားပြည်နယ်)တွင် မယ်စဲ့မြို့နယ်ကလွဲပြီး ကျန်သည့်မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ဒီမော့ဆိုမြို့နယ်တွင် တိုက်ပွဲပေါင်း ၁၁၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအများဆုံး မြို့နယ်ဖြစ်ခဲ့ကြောင်း ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

စာတည်း - မောင်ကြီး

#ကရင်နီပြည်

#အာဏာသိမ်းကာလ

#ထိခိုက်မှုစာရင်းချုပ်

#PKPF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly