KNU တပ်မဟာ(၂)နယ်မြေတွင် ၂ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံး

By YT (မဇ္ဈိမ)
02 April 2023
KNU တပ်မဟာ(၂)နယ်မြေတွင် ၂ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံး

(KNU)၊ တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မတ်လ ၃၁ ရက်နှင့် ဧပြီလ ၁ ရက်နေ့တို့က စစ်ကောင်စီသွားလာရာ လမ်းကြောင်းတစ်လျှောက် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှု လေးကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ ထက်မနည်း သေဆုံး ခဲ့ကြောင်း တပ်မဟာ (၂) KNLA တပ်ရင်း(၅) နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရသည်။

“သူတို့သွားတဲ့လမ်းမှာ နေရာစုံကနေကို ဖြတ်တိုက်နေတာ၊ တစ်နေရာမထိတစ်နေရာထိပဲ”ဟု ဒေသတွင်း ရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“စစ်သား ၁၉ ဦးထက်မနည်းသေဆုံးတယ်ဆိုတာက အတွင်းသတင်းတွေအရရော၊ မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောကြားချက်အရရောဆို သတင်းမှန်ကန်မှုက သေချာသလောက်ရှိပါတယ်” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် လိပ်သိုမြို့မှဆင်းလာသော စစ်ကောင်စီကားသုံးစီးအား ရေပူစမ်းအနီးတွင် တပ်မဟာ (၂) KNLA တပ်ရင်း (၅)၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရ သည်။

ထိုနေ့ည ၈ နာရီတွင် စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ သံမိုးတောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

တိုက်ပွဲဖြစ်လို့ သူတို့လူတွေထိတော့ မီးစရှို့တော့တာပဲ။ ဒေသခံတွေကတော့ စစ်တလင်းထဲမှာ ဘယ်လို အဆင်ပြေမလဲဗျာ” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ဧပြီလ ၁ ရက်နေ့က လိပ်သိုလမ်းတစ်လျှောက် နံနက် ၉ နာရီတွင် မုဒ်ဦးရွာ၌ တစ်ကြိမ်၊ ၁၀ နာရီ ၂၀ မိနစ်၌ ဆိတ်ကုန်းရွာတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် မွန်ကုန်းရွာနှင့် ရှုခင်းသာရွာကြားတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိခဲ့ကြောင်း တပ်မဟာ(၂) KNLA တပ်ရင်း(၅)နှင့်နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရသည်။

“ကြားဖြတ်တိုက်ခိုက်မှုတွေဖြစ်တဲ့နေရာတွေက သံတောင်ကြီးမြို့နယ်ထဲကရွာတွေမှာပါ။ KNLA ပူးပေါင်း တပ်ဖွဲ့ဘက်ကတော့ အထိအခိုက်၊ အကျအဆုံး မရှိပါဘူး” ဟု တပ်မဟာ(၂) KNLA တပ်ရင်း(၅)နှင့်နီးစပ် သော သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေး ရွာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၂)

#တောင်ငူခရိုင်

#သံတောင်ကြီးမြို့နယ်

#KNLA

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly