မန္တလေးကျုံးဘေး အခမဲ့ ရေကစားခွင့်ပြုသော်လည်း စိတ်ဝင်စားသူနည်းပါး

By 007 (မဇ္စျိမ)
01 April 2023
မန္တလေးကျုံးဘေး အခမဲ့ ရေကစားခွင့်ပြုသော်လည်း စိတ်ဝင်စားသူနည်းပါး

မန္တလေးကျုံးဘေးတွင် စစ်ကောင်စီက သင်္ကြန်ကာလအတွင်း အခမဲ့ရေကစားခွင့်ပြုထားသော်လည်း စိတ်ဝင်စားသူနည်းပါးပြီး လျှောက်ထားသူ မရှိသလောက်ဖြစ်နေကြောင်းမြို့ခံများထံမှ သိရသည်။

တိုင်းပြည်ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဟု ပြသလိုသော စစ်ကောင်စီက မကြာမီကျရောက်မည့် သင်္ကြန်တွင်အခမဲ့ ရေကစားခွင့်ပြုနေသော်လည်း စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲမည်မဟုတ်ကြောင်း မန္တလေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“စိတ်မဝင်စားဘူးဗျ။ အရင်တုန်းကတော့ မြောက်ကျုံးနဲ့ အနောက်ကျုံးဆိုတာ ကိုယ့်အဖွဲ့နဲ့ကိုယ်စုပြီး ရေပက် ကြတဲ့နေရာတွေလေ။ အခွန်နှစ်သိန်းပေးပြီး တော့ကို ဆော့ကြတာ။ ဒီနှစ် ပိုက်ဆံသွင်းစရာမလိုဘူးလို့ စည်ပင်က သတင်းစာကနေ ကြေညာတယ်။ ဒါပေမယ့် စိတ်မဝင်စားဘူး” ဟု မန္တလေးသင်္ကြန်တွင် နှစ်စဉ်နှစ်တိုင်း ကျုံးမြောက်ဘက်ခြမ်းမှ ပါဝင်ဆင်နွှဲခဲ့သူတဦးက ပြောသည်။

မန္တလေး ကျုံးအနောက်ဘက်ခြမ်း၊လမ်း ၈၀ တလျှောက်နှင့် မြောက်ဘက်ခြမ်း ၁၂ လမ်းတလျှောက်တွင် ရေစုပ်စက်များ အသုံးပြု၍ အခမဲ့ရေကစားခွင့်ပြုကြောင်း စစ်ကောင်စီ၏ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ထားသော်လည်း လျှောက်ထားသူ အနည်းငယ်သာရှိကြောင်း ယင်းကော်မတီနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့ကြောင့် စစ်ကောင်စီသည် မန္တလေးမြို့ရှိလုပ်ငန်းရှင်များအား မဏ္ဍပ်ဆောက်လုပ်ပြီး ရေကစားကြရန် ဖိအားပေးလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ်နေကြသည်။

မန္တလေးကျုံးအနောက်ဘက်နှင့် မြောက်ဘက်ခြမ်းသည် အရပ်သားအစိုးရလက်ထက်က သင်္ကြန်ပွဲတော်များတွင် အခွန်ငွေကျပ် ၂,၀၀၀၀၀ ပေးပြီး ရေကစားရသည့် နေရာများ ဖြစ်သည်။

“အဲဒီတုန်းက နှစ်သိန်းဆိုတဲ့ငွေက မနည်းဘူးလေ။ ဒါပေမယ့်လည်း လူစုငွေစုပြီး ရေကစားခဲ့ကြတယ်။အဲဒါကို ဒီနှစ်အခမဲ့ပေးတယ်။ မန္တလေးသားတွေက စိတ်မဝင်စားတော့ စီးပွားရေးသမားတွေဘက် ဖိအားနဲ့လုပ်ခိုင်းမယ်လို့ကြားတာပဲ။ အခုထိတော့ စာထုတ်ညွှန်ကြားတာမျိုး မရှိသေးဘူး” ဟု အလတ်စားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးသင်္ကြန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ပြီးခဲ့သည့် မတ်လ ဒုတိယပတ်ခန့်က စတင်ပြီး အစွမ်းကုန်ကြိုးပမ်းနေခြင်း ဖြစ်သည်။မန္တလေး သင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် နှစ်နေရာအပြင် ကျုံးပတ်လည်နှင့် မြို့တွင်းနေရာအနှံ့အပြားတွင် မဏ္ဍပ်များ ဆောက်လုပ်ရန် စစ်ကောင်စီက စီစဉ်နေပြီး ၎င်းတို့နှင့်ဆက်စပ်သည့် မဏ္ဍပ်တိုင်းတွင် အနုပညာရှင်များ၏ဖျော်ဖြေရေး အစီအစဉ်များဖြင့် လူထုအား စည်းရုံးနေသည်ကို တွေ့ရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပရန် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့သည်။ သို့သော်မန္တလေးမြို့လူထုက ပူးပေါင်းပါဝင်ခြင်း မရှိခဲ့၍ စည်ကားခြင်းမရှိခဲ့ပေ။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ် ။ ။မောင်ကြီး

#မန္တလေး

#ရေကစားမဏ္ဍပ်များ

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly