နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကရင်နီလူမျိုးများ၏ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိမှုနှင့် အတူ ရဲစွမ်းသတ္တိ ပြည့်စုံစွာ တိုက်ပွဲများ ဖော် ဆောင်လျက် အောင်ပွဲများစွာဖြင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေသည့်အတွက် လွန်စွာလေးစား ဂုဏ်ယူပါကြောင်း၊ စစ်တလင်းပြင် ဖြစ်နေသော်လည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြပုံမှာ မြန်မာ့သမိုင်းမှာ သာမက ကမ္ဘာ့သမိုင်းမှာ မော်ကွန်းထိုးနိုင်မှာဖြစ်ပြီး အတုယူစံထားရမည့် မျိုးချစ်စိတ်ဓာတ်ကို ပြသလျက် ရှိကြောင်း ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့အတွက် CRPH မှပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ 

  • တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) မှာပါဝင်သည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်မည်” ဆိုသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည့်အထိ လမ်းပြမြေပုံအတိုင်း ဦးလည် မသုန် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း NUCC နှင့် NUG ပူးတွဲကြေညာချက်ထုတ်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး (၁၃/၂၀၂၃)ကို မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • ပညာရေးကဏ္ဍအတွက် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် (CRPH)၊ NUCC ရေးရာကော်မတီဝင်များ၊ ကောင်စီဝင်များ၊ JCC Education မှ ကိုယ်စားပြုအဖွဲ့ဝင်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအကြားတွေ့ဆုံဆွေးနွေးမှုကို မတ် ၃၀ ရက်၊ ညနေ ၇ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးကို မတ် ၃၀ ရက်၊ မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာမှ ပြည်သူ ၆ဦးကို စစ်ကောင်စီ၏ တပ်မ ၃၃ က ဖမ်းဆီး‌ခဲ့ပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ မူးမြစ်ထဲ အလောင်း များစွန့်ပစ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ဘီလူးစစ် ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

  • တန့်ဆည်ပင်မ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲ ကျင်းပနေသည့် ရာအိမ်မှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး ထံမှ သိရသည်။ 

  • ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝဝန်းအနီးရှိ အမှတ် ၂ စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း God’s Hand Force ရန်ကုန်မြို့ပြပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ရန်ကုန်၊ ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စွပ်စွဲ ပြောဆိုကြောင်း သိရသည်။ 

  • ပဲခူးတိုင်း ၊ မင်းလှမြို့နယ် အရှေ့ဘက် ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မတ်လ ၃၁ ရက်‌နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝင် ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များထံမှ သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြင်းထန်စွာဖြစ်ပွားခဲ့သော နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီ 

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေးရွာအား ယမန်နေ့ မတ်လ ၃၁ ရက်နေ့ ည ၈ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • လက်ရှိတွင် ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပ ဈေးကွက်အတွင်း မှာတော့ တစ်ဒေါ်လာကို ကျပ် ၂၈၅၀ ကျော် အထိမြင့်တက်နေပြီး ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးကို ကျပ် ၂၅၀၀ ပြောင်းလဲသတ်မှတ်မည်ဆိုသည့် သတင်းများအပေါ် စစ်ကောင်စီ ဗဟိုဘဏ်က ငြင်းဆိုသည်။ 

  • ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးအရှေ့ဘက်ကပ်လျက် ကွမ်းခြံ (၅) လမ်းရှိ ကမာရွတ်မြို့နယ် NLD ပါတီ ရုံးခန်းဆိုင်းဘုတ်ကို မတ်လ ၃၁ ရက်တွင် အာဏာပိုင်များက ဖြုတ်ချလိုက်ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။ 

  • မြန်မာနိုင်ငံ၏ ငွေကြေးစနစ်နှင့်ပတ်သက်ပြီး ဦးတည်ပြီး တိုက်ခိုက်နေကြောင်း အကြမ်းဖက်စစ်ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက၏ ပြောဆိုချက်ကို ကိုးကား၍ စစ်ကောင်စီ အာဘော်သတင်းဌာနဖြစ်သည့် The Pillar Media တွင်ဖော်ပြထားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်က တပ်ကုန်းနှင့် နန်းကွေ့ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် ပြည်သူများအား သွားရောက်ထောက် ပံ့ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်မင်းအောင်လှိုင်နှင့်အပါင်းအပါတစ်စုသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကာနန္ဒာ စေတီတော်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ 

  • ကချင်ပြည်နည်၊ မိုးညှင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို  မတ်လ ၃၀ ရက်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။ 

 

ဧပြီ ၁ ရက် သုံးသပ်ချက် 

  • အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာအဖွဲ့အစည်းများမှ ကန့်ကွက်ပြောဆိုနေသည်ကြားမှ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊စစ်ရာဇဝတ်မှုများကျူးလွန်းခြင်းများ ရပ်တန့်မှုမရှိဘဲ ဆက်လက်ကျူးလွန်ကာ ပြည်သူများကို သတ်ဖြတ်နေဆဲဖြစ်သည်။ 

  • အကြမ်းဖက်မင်းအောင်လှိုင် နိုင်ငံအာဏာလုယူပြီးနောက် ငွေတန်ဖိုးအဆမတန်နိမ့်ကျလာသလို စက်သုံး ဆီဈေးနှုန်းများလည်း ယခင်ကထက် အဆမတန်မြင့်တက်ကာ ငွေကြေးမတည်မှုများရှိနေသည်။ ယင်းသို့ငွေကြေးမတည်သည်ကို ၎င်းတို့၏ စီမံခန့်ခွဲမှု အရည်အချင်းကို ညံ့ဖျင်းခြင်းဟု မခံယူဘဲ စီးပွားရေးသမားများမှ ဖန်တီးနေသည်ဟု ပြစ်တင်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly