နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃၁ မတ် ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃၁ မတ် ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ယနေ့ ကျရောက်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)က သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။ 

  • ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက် ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၈ သိန်း လျာထား သုံးစွဲနေကြောင်း NUG မှထုတ်ပြန်သည်။ 

  • အကန့်အသတ်တွေကြားကပဲ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ စုဖွဲ့မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တာကအောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည်။ 

  • နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည် ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းထားရှိသည့်  ပြည်သူ့ရဲတပ်ဖွဲ့နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ အသိ အမှတ် ပြု ဖွဲ့စည်းထားသော ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဖက်မှ ရပ်တည်ပြီး CDM ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အများစုနဲ့ သန္ဓေတည်ပေါက်ဖွားလာသည့် ရဲတပ်ဖွဲ့များဖြစ်ကြ ကြောင်းထုတ်ပြန်သည်။ 

  • ကလေးငယ် ၂ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည့် ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုရွာ လေကြောင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးကြောင်း ထပ်မံ ပြသခြင်းဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်လိုက်သည်။ 

  • ပြည်သူတွေက စစ်မိစ္ဆာလက်အောက် ဘယ်တော့မှမနေဘူး ဆိုတာကို အနစ်နာခံမှု၊ ပေးဆပ်မှု၊ ဝေမျှထောက်ပံ့မှုကနေ မြင်တွေ့နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • မကွေးတိုင်း ၊ ဂန့်ဂေါ်မြို့နယ် ၊ ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ) ခရိုင် တပ်ရင်း များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ လေကြောင်း ပစ်ကူများ ခေါ်ပြီး ပြန်လည် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

  • ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) ဖွဲ့စည်းခြင်း နှစ်နှစ်မြောက် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)များ အဖွဲ့ချုပ်က ပေးပို့ခဲ့သည်။ 

  • ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) မရမ်းကုန်း ကျောင်းသားများသမဂ္ဂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၏ အဖွဲ့ဝင်ဖြစ်သူ မဆုသွန်းပိုင်ကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ပုဏ္ဏားယာကွေ့ရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ယမန်နေ့မတ်လ ၃၀ ရက်‌နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းနယ် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF က မဇ္ဈိမကိုပြောသည်။ 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့် သေဆုံးခဲ့ရသူများအား ယမန်နေ့ မတ်လ ၃၀ရက်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။ 

  • ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေပြီး ‌ဒေသခံစစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ်ဆေးဝါးများ လိုအပ်နေသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။ 

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၀ခုမှ စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်အား စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၃၀ရက်မှစ၍ နေရပ်ပြန်ခိုင်းထားခြင်းဖြစ်ကာ စစ်ဘေးရှောင်စခန်း သုံးခုအားလည်း အပြီး ဖြိုဖျက်ခိုင်းထားကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မြောက်ပိုင်း ကျောက်ဂူပြင် ကျေးရွာတွင် မတ်လ ၂၃ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့် ရွာသား ကိုး ဦးထဲမှ တစ်ဦးသေဆုံးသွားကြောင်း ရွာခံများထံက သိရသည်။ 

  • အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် ကျောက်စိမ်းကားများကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု အရာရရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် သိန်းသန်းချီကားဝင်း အဝင်ဂိတ်စောင့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရ သည်။ 

  • အကြမ်းဖက် စစ်အာဏာရှင်က NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက် သိမ်းလိုက်မှု အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ထုတ်ပြန်ပြောဆို လိုက် သည်။ 

  • တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေသည့် ကယားရှိ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအတွက် သက်ကယ်ပစ်ရင်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါရီ လ ၂၄ ရက်နေ့မှ စတင်ခဲ့သည့် တစ်လကျော်ကြာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၀၀ ဦး သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း MOBYE PDF တပ်ရင်း(၂) မှ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

  • ပင်လောင်းမြို့နယ်ဖက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိပြီး မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မိုးဗြဲ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ဒေါလျားခူကျေးရွာအနီး ညေးဘူးခူ တောင် ပေါ် သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီ ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးကြောင်း KNDF က ပြောသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်ကလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့​ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး ဗဟိုထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ- ကရင် အမျိုးသား အစည်းအရုံး ဗဟိုထံမှ သိရသည်။ 

  • ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် ၁၂၂ လက်နက်ကြီး တည်နေရာကို ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း နေပြည်တော် ၈၀၂ တပ်ရင်း က ပြောဆိုသည်။ 

စစ်ကောင်စီ 

  • နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် စစ်ကောင်စီက ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။ 

  • သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်မီးပေးသည့် LNG သင်္ဘောကြီးရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာ သွားပါပြီဖြစ်ကြောင်း သိရသည်။ 

  • နေပြည်တော်မှာ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန်ကို အဆင့်မီအောင် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ နေပြည်တော်လမ်းလျှောက် သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက ပြောသည်။ 

  • နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်အထွက်များကို လက်မခံကြောင်း သတင်း ထွက်ပေါ် နေခြင်းသည် မမှန်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။ 

  • ရခိုင်ပြည်နယ်က ရေရှားပါးသောမြို့နယ်များတွင် ရေရရှိစေရန် အတွက် စက်ယန္တရားကြီးများနှင့် မြေအောက်ရေ တူးဖော်ပေးသွားမည်ဟု စစ်ကောင်စီခန့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။ 

  • အခုမတ်လအတွက် စစ်ကောင်စီ အောင်ဘာလေထီ ရောင်းရငွေသည် ကျပ်သန်း ၅၂၀၀ ကျော် ရှိသည့် အတွက် ပြီးခဲ့တဲ့ လထက် ကျပ်သန်း ၅၀၀ ကျော် ရောင်းအားတိုးလာကြောင်း Sky Net One News သတင်းတွင် ဖော်ပြထားသည်။ 

 

မတ် ၃၁ ရက် သုံးသပ်ချက် 

  • ယခုရက်ပိုင်း စစ်ကောင်စီ၏ စခန်းများ စစ်ကြောင်းတိုက်ခိုက်သိမ်းပိုက်ခံရမှုများ ခပ်စိတ်စိတ်တွေ့လာ ရသည့်အတွက် တော်လှန်ရေးအားကောင်းလာသည်ဟု ဆိုရမည်ဖြစ်သည်။တဖက်တွင်လည်း တော်လှန် ရေးအားကောင်းလာသည်နှင့်အမျှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အကျဆုံးရှိလာ သည်ကိုတွေ့ရသည်။ 

  • အာဏာသိမ်းမှုကြောင့် တိုင်းပြည်တိုးတက်မှုများ ဆုတ်ယုတ်လာပြီး ပြည်သူ့အစိုးရ၏ စီစဉ်မှုဖြင့် ပြုလုပ် ထားသည့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်မီးပေးသည့် LNG သင်္ဘောလည်း ထွက်ခွာသွားပြီဖြစ်သည်။ယင်းကြောင့် ရန်ကုန်တွင် အလှည့်ဖြင့် မီးပေးစနစ်အပြင် ညနေပိုင်းလုံးဝမီးမပေးတော့ကြောင့် စစ်ကောင်စီမှ ထုတ်ပြန်ရသည့်အထိဖြစ်နေသည်။ မင်းအောင်လှိုင် အာဏာရူးမှုကြောင့် တိုင်းပြည်တစ်ခုလုံး အမှောင်ကျရုံမက ပြည်သူများ၏ အနာဂတ်ပါ အမှောင်ကျ သွားခြင်းဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly