ဓားပြမှုဖြင့်ဖမ်းထားသူ ၂ ဦးကို စစ်အုပ်စုက ပစ်သတ်၊ လုံခြုံရေးတပ်ဖွဲ့ကို ခုခံသဖြင့် ရှင်းလင်းခြင်းဖြစ်ဟုဆို

By 007 (မဇ္စျိမ)
31 March 2023
ဓားပြမှုဖြင့်ဖမ်းထားသူ ၂ ဦးကို စစ်အုပ်စုက ပစ်သတ်၊ လုံခြုံရေးတပ်ဖွဲ့ကို ခုခံသဖြင့် ရှင်းလင်းခြင်းဖြစ်ဟုဆို

မန္တလေးမြို့၊ စိန်ကျော်မိုးရွှေသန့်စင်ဆိုင်ဓားပြမှုဖြင့် ဖမ်းဆီးထားသူနှစ်ဦးကို၊ ဖမ်းဆီးရေးအဖွဲ့က ယမန်နေ့က ပစ်သတ်ရှင်း လင်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍၊ စစ်ကောင်စီတပ်၏ ရဲအသိုက်အ၀န်းနှင့်နီးစပ်သူများထံစုံစမ်းကြည့်ရာတွင်၊ ဓားပြ ခေါင်းဆောင်နှင့်နောက်လိုက်တို့သည်၊ လုံခြုံရေးတပ်ဖွဲ့၀င်များအား ခုခံမှုကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဓားပြခေါင်းဆောင်ဆန်း၀င်းနဲ့ နောက်လိုက်က လုံခြုံရေးတွေကို ခုခံထွက်ပြေးလို့၊ ဖမ်းဆီးရာကနေ ပစ်ခတ်မှု ဖြစ်တာပါ၊ ဓားပြနှစ်ယောက်စလုံးနေရာမှာတင် သေတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

နီးစပ်သူများထံက ရရှိသည့်သတင်းအရ၊ ဓားပြအဖွဲ့ခေါင်းဆောင်ဆန်း၀င်းနှင့်နောက်လိုက် တင်စိုး(ခ) ရခိုင်တို့သည်၊ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက် ၁၃၁ လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် ဗုံးနှင့်လက်နက် များ သိမ်းထားကြောင်း ထွက်ဆိုသဖြင့်၊ လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့နှင့်အတူသွားရောက်ရှာဖွေခဲ့ကြောင်း၊ ထိုသို့ရှာ ဖွေနေစဉ်၊ ဓားပြခေါင်းဆောင်ဆန်း၀င်သည် လက်ပစ်ဗုံးများအား ကလစ်ဖြုတ်ပြီး ဖောက်ခွဲရန်ကြိုးစားကြောင်း၊ နောက်လိုက် တင်စိုး(ခ)ရခိုင်သည် လက်ထိပ်ခတ်ထားသည့်ကြားမှ လုံခြုံရေးတပ်ဖွဲ့၀င်များအား တွန်းကန်ပြီး သေနတ်ကိုလုယူကာ ပြန်ခုခံကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့၀င်များက အသေပစ်ခတ်ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေး ချမ်းအေးသာစံံမြို့နယ် ၈၅(A)လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ၊ စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်း၀ယ်ရေးဆိုင်ကို၊ မတ်လ ၂၇ ရက်နေ့ညနေပိုင်းက၊ အိမ်စီးကားစီးလာသော လူသုံးဦးက ပစ္စတိုသေနတ်များဖြင့် ပစ်ဖောက်ခြောက်လှန့်ကာ ဆိုင်ရှင်၏ ငွေကျပ်သိန်း ၁,၂၀၀ ကို ဓားပြတိုက် လုယူသွားခဲ့သည်။

အဆိုပါဓားပြတိုက်မှုနှင့်ပတ်သက်၍၊ ညတွင်းချင်း ဓားပြလေးဦးကိုဖမ်းဆီးလိုက်နိုင်ပြီး နှစ်ဦးကိုဖမ်းဆီးရန်ကျန် သေးကြောင်း၊ ဓားပြအဖွဲ့သည်၊ ၎င်းရွှေသန့်စင်ဆိုင်အပြင် နောက်ထပ် လူသတ်ဓားပြတိုက်မှု နှစ်ခုကိုပါကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့အား ဓားပြတိုက်ရာတွင် စီးလာသည့်ကား၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ၊ ငွေကျပ် ၈၃၅ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ၊ ဖမ်းမိထားသည့် ဓားပြလေးဦးသည် မူးယစ်မှုဖြင့် နှစ်ရှည်ထောင်ချခံထားရပြီး လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူများဖြစ်ကြောင်း၊ ၎င်းတို့သည် တခြားမှ ဓားပြတိုက်ယူခဲ့သော ရွှေထည် ပစ္စည်းများကို စိန်ကျော်မိုးရွှေ့သန့်စင်ဆိုင်သို့ ထုခွဲရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် စိန်ကျော်မိုးရွှေသန့်စင်ဆိုင် ပိုင်ရှင်ဖြစ်သူကိုလည်း တရားမ၀င်လက်ခံ၀ယ်ယူမှုဖြင့် အရေးယူဖွယ်ရာရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzimatv

#စိန်ကျော်မိုး

#ရွှေသန့်စင်ဆိုင်

#ဓားပြမှု

#မန္တလေးမြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly