မဏိပူရတွင် စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရန် ဒေသအာဏာပိုင်များ ကွင်းဆင်း စစ်ဆေး

By ပါခွီး (မဇ္ဈိမ)
31 March 2023
မဏိပူရတွင် စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရန် ဒေသအာဏာပိုင်များ ကွင်းဆင်း စစ်ဆေး

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်စခန်း ဖွင့်လှစ်ရန်အတွက် မဏိပူ ပြည်နယ်ဝန်ကြီးသုံးဦးနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်း အကြီးအကဲများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်များ၏ အရေးကိစ္စများဆောင်ရွက်ပေးရန် ဖွဲ့စည်းခဲ့သော ကော်မတီဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးဦးလက်ပေါင်(ဟောင်ကစ်)နှင့်အဖွဲ့ သည် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်အတွင်းရှိ ကျေးရွာကို မတ်လ ၂၉ ရက်နေ့က လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“အကူအညီပေးဘို့လာတာပါ မကြောက်ကြပါနဲ့ ၊ နေထိုင်စားသောက်ရေး ၊ ကျန်းမာရေးနဲ့ ရေမီးကအစ အဆင်ပြေအောင် တာဝန်ယူပေးမယ်လို့ ပြောခဲ့တယ်” ဟု စစ်ဘေးရှောင် ခေါင်းဆောင်တစ်ဦးက မဇ္စျိမကို ပြောသည်။

ဝန်ကြီးနှင့်အဖွဲ့သည် စစ်ဘေးရှောင်များကို ခေတ္တခဏ တွေ့ဆုံကာ စခန်း တည်ဆောက်မည့်နေရာသို့ ဒေသတွင်း တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း ဆိုသည်။

ချန်ဒယ်ခရိုင်အတွင်းရှိ ပြန့်ကျဲနေထိုင်နေသော မြန်မာစစ်ဘေးရှောင်များကို နေရာ သုံးနေရာတွင် စုစည်းလျက် စခန်းများတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

စစ်ဘေးရှောင်များကို ယင်းသို့အကူအညီများပေး၍ နေရာများတွင် စုစည်း နေထိုင်စေခြင်းအားဖြင့် အစားအသောက်၊ အနေထိုင်နှင့် လုံခြုံရေးကိစ္စများတွင် အဆင်ပြေသော်လည်း အချုပ်အနှောင်သဘောမျိုးဖြင့် သွားရေးလာရေးများတွင် ကန့်သတ်ခံရမည်ကို စိုးရိမ်နေကြသည်။

သို့သော် ၎င်းတို့ဒေသတခုတွင်သာမက မြန်မာပြည်နှင့်ဆက်စပ်လျက်ရှိသည့် ခရိုင် ငါးခုတွင် စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ရန်ရည်ရွယ်သဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေများပေါ်မူတည်၍ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း စစ်ရှောင်များက ဆိုသည်။

ယခု ဝန်ကြီး ကွင်းဆင်းစစ်ဆေးသည့် ချန်ဒယ်ခရိုင်အတွင်းတွင် မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ဝန်းကျင်ခန့်ရှိကာ ထပ်ပြီး လူဦးရေ တဖြည်းဖြည်း များပြားလာနေကြောင်းလည်း သိရသည်။

မတ်လ ၂၆ ရက် နံနက်ပိုင်းကလည်း မဏိပူရပြည်နယ် တင်နိုင်ပယ်ခရိုင် ၊ မိုးရေးမြို့ နယ်ခွဲအတွင်း ဝန်ကြီး ဦးလက်ပေါင်(ဟောင်ကစ်) ဦးစီးသော အဖွဲ့ဝင်များသည် မြန်မာ စစ်ဘေးရှောင်များ၊ စစ်ရှောင် ဦးဆောင်သူများနှင့်တွေဆုံခဲ့ပြီး စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရေးနှင့် အကူအညီပေးရေးများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မဏိပူရပြည်နယ်

#စစ်ရှောင်စခန်းဖွင့်

#mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly