မတူပီ‌တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရသော ချင်းကာကွယ်ရေးရဲဘော် ဆေးကုသရန် အရေးပေါ်အကူအညီလိုအပ်နေ

By ကိုခင်မောင်(မဇ္ဈိမ)
31 March 2023
မတူပီ‌တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရသော ချင်းကာကွယ်ရေးရဲဘော် ဆေးကုသရန် အရေးပေါ်အကူအညီလိုအပ်နေ

မတူပီမြို့နယ်တိုက်ပွဲအတွင်း ပြင်းထန်စွာဒဏ်ရာရသွားသော ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးအား ဆေးကုသနိုင်ရန် အရေးပေါ်အကူအညီလိုအပ်နေပြီး ပြည်တွင်း၊ပြည်ပရှိပြည်သူများမှ ပံ့ပိုးကူညီပေးပါရန် Chinland Defense Force Matupi( CDF-Matupi)က မေတ္တာရပ်ခံတောင်းဆိုထားသည်။

အသက်၂၄နှစ်အရွယ်ရှိ ချင်းပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးသည် မတ်လ ၂၀ရက်နေ့က မတူပီ - ပလက်ဝလမ်းပေါ်ရှိ ၉ မိုင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မိုင်းထိကာ ဒဏ်ရာရခြင်းဟုသိရသည်။ ယင်းရဲဘော်၏ ခန္တာကိုယ်ညာဘက်ခြမ်းတွင် ကြီးမားသည့် ဒဏ်ရာရသွားကြောင်း CDF-Matupi ထောက်ပို့တပ်သားတဦးကပြောသည်။

" စစ်ကောင်စီက လမ်းမမှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်ပါ။တိုက်ပွဲပြီး အဲ့ဒီနေရာကို ကွင်းဆင်းတဲ့အချိန်မှာ ဖြစ်သွားတာပါ။မတူပီမှာ အခုတိုက်ပွဲလည်း တောက်လျှောက်ဖြစ်လာတော့ ငွေရေးကြေးရေးက အရမ်းကိုခက်ခဲပါတယ်။

လောလောဆယ်တော့ ပိုက်ဆံက သူများဆီ ခဏငှားပြီးတော့ ကုသနေတာပါ" ဟု CDF-Matupiသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် အဆိုပါရဲဘော်၏ ဒဏ်ရာပြင်းထန်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် လွတ်မြောက်ဒေသဆေးရုံကြီးများသို့ ပို့ဆောင်ကုသရန် အခက်အခဲကြုံတွေ့နေရသည်ဟု CDF-Matupiကထုတ်ပြန်ထားသည်။ဒဏ်ရာရရဲဘော်သည် အနီးစပ်ဆုံး ဆေးခန်းတွင်သာ ဆေးကုသမှု ခံယူနေရပြီး ရဲဘော်၏လိုအပ်သော ဆေးဝါးစရိတ်များအတွက်သော်လည်ကောင်း၊ပို့ဆောင်ရေးအတွက်သော်လည်းကောင်း မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်ကူညီပေးကြပါရန် CDF-Matupiက မတ်လ ၃၀ရက်နေ့က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

“သူ့ကို ပြည်တွင်းမှာပဲ ဖြစ်သလို ဆေးကုသမှုပေးနေတယ်။ အခုက ချင်းတောင်မှာပဲဆိုတော့ မီဇိုရမ်ဘက်ကို သယ်ဖို့ဆိုရင်လည်း ဆိုင်ကယ်နဲ့ဆိုလည်း မဖြစ်နိုင်ဘူး။ ကားဆိုရင်လည်း ကားကမရှိဘူး။ အခက်အခဲဖြစ်နေတယ်" ဟု CDF-Matupi ထောက်ပို့တပ်သားက မဇ္ဈိမကို ပြောသည်။

မတူပီမြို့နယ်တွင် မတ်လ ၂၀ရက်မှ စ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။မတူပီ - ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CDF-မတူပီက မတ်လ ၂၀ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ ယင်းနောက်ပိုင်းတိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီဒေသ၌ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

#မတူပီမြို့နယ်

#ချင်းကာကွယ်ရေးရဲဘော်

#အရေးပေါ်အကူအညီလိုအပ်

#Chinland Defense Force Matupi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly