ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံး၊ လက်နက်များ သိမ်းဆည်းရရှိ

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံး၊ လက်နက်များ သိမ်းဆည်းရရှိ

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာအနီး ညေးဘူးခူ တောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် အင်အားစုများအကြား နှစ်ဘက်တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့်အထက် သေဆုံးသွားကြောင်း KNDF တပ်ရင်း (၁) က ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်နှင့် KA ၊ KNDF တို့အကြား မတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့အထိ နှစ်ရက်တာ ပြင်းထန်ခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိုသို့ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲတွင် ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၃)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် KNDF/B (07) တို့ကပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းနှစ်ရက်တာ တိုက်ပွဲအတွင်း KA၊ KNDF ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 သေနတ် သုံးလက် ၊ MA-2 သေနတ် နှစ်လက် ၊ MA-3 သေနတ် တစ်လက် နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်ရရှိခဲ့ကြောင်း KNDF တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း အထိနာသော စစ်ကောင်စီတပ်သည် မတ်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဥ် နှစ်စီးဖြင့် ဒေါလျားခူကျေးရွာ တောင်ပေါ်သို့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းဝန်း တစ်ခုကိုလည်း နှစ်ကြိမ်ခန့် လှည့်ပတ် ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

စစ်ကောင်စီတပ်သည် ယင်းနေ့ ညပိုင်းတွင်လည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ဖက်သို့ တိုက်ခိုက်ရေးလေယာဉ် နှစ်စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် ထိုးစစ်ဆင် ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ကရင်နီပူးပေါင်း တပ်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ရက်ရှည်ခုခံတိုက်ပွဲ ရလာဒ်ကောင်း ဖော်ဆောင်နိုင်ရန်အတွက် တက်ညီ လက်ညီဖြင့် ကူညီထောက်ပံ့ပေးကြရန်လည်း KNDF က တောင်းဆိုထားသည်။

စာတည်း။ ။ နောင်နောင်

#KNDF

#ဒီးမော့ဆို

#ဒေါလျားခူကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly