ကိုးတောင်ဘို့တိုက်နယ်မှာ ဒေသခံဦးခေါင်းပွင့်သည်အထိ စစ်တပ်မှ ပစ်သတ်ပြီး ကလေးငယ်ကိုပါ ဖမ်းဆီး

By ကိုခင်မောင်(မဇ္ဈိမ)
31 March 2023
ကိုးတောင်ဘို့တိုက်နယ်မှာ ဒေသခံဦးခေါင်းပွင့်သည်အထိ စစ်တပ်မှ ပစ်သတ်ပြီး ကလေးငယ်ကိုပါ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘိုတိုက်နယ်အတွင်းရှိ အလယ်ခုံကျေးရွာတွင် ဒေသခံစစ်ရှောင်တစ်ဦးကို စစ်ကောင်စီတပ်သားများမှ ဦးခေါင်းပွင့်သည်အထိ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အသက်မပြည့်သေးသည့် ကလေးငယ်ကိုပါ ဖမ်းဆီးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသော ခြေလျင်တပ်ရင်း (ခလရ-၁၃၇) စစ်ကြောင်းသည် မတ်လ ၂၉ရက်တွင် အလယ်ခုံရွာ၌ ညအိပ်ရပ်နားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်။ ထိုမှတစ်ဆင့် မတ်လ ၃၀ ရက် နံနက် ၆ နာရီခန့်တွင် ကျေးရွာတောင်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာစဉ် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးပြီးနောက် မျက်နှာနှင့် ဦးခေါင်းတစ်ခြမ်းပွင့်က သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပါ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှသိရသည်။

အဆိုပါ ဒေသခံနှစ်ဦးသည် တောတွင်းရှိ စစ်ဘေးရှောင်တဲများ၌ တိမ်းရှောင်နေသူများဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းများနှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ခြေ ၄၁၈ အိမ်ရှိသော အလယ်ခုံကျေးရွာကို စစ်ကောင်စီတပ်များနှင့် ၎င်းတို့ လက်နက်တပ်ဆင်ထားသော ပျူစောထီးများမှ ၂၀၂၂ ခုနှစ် ဇွန်နှင့် အောက်တိုလာလအတွင်းက နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်း မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သားများ၏ မီးရှို့မှုကြောင့် ဒေသခံများနေအိမ် ၁၇၀အိမ်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရသိရသည်။

ကန့်ဘလူမြို့နယ် ချပ်သင်းရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲများသည် ချပ်သင်းတိုက်နယ်၊ ပုဏ္ဏားငယ်ကျေးရွာသို့ မတ်လ ၂၉ရက်နေ့တွင် အကြမ်းဖက်ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ပုဏ္ဏားငယ်ကျေးရွာရှိ လူနေအိမ် ကိုးလုံး၊ လက်တွန်းထွန်စက် တစ်စီး၊ ထော်လာဂျီ တစ်စီးနှင့် စပါးကျီ သုံးခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များသည် မကြာခဏဆိုသလို စစ်ကြောင်းထိုး လှည့်လည်စီးနင်းမှုများ ပြုလုပ်နေပြီး လူနေအိမ်၊ စားနပ်ရိက္ခာများအား မီးရှိဖျက်ဆီးသည့်အပြင် ဖမ်းဆီးမိသည့် ဒေသခံပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်လေ့ ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzimatv

#ကန့်ဘလူခရိုင်

#ဒေသခံစစ်ရှောင်

#စစ်ကောင်စီတပ်

#ပျူစောထီးတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly