မြန်မာ့စီးပွားရေးက “အကြီးအကျယ် ဆုတ်ယုတ်” နေဆဲဟု ကမ္ဘာ့ဘဏ် ပြော 

မြန်မာ့စီးပွားရေးက “အကြီးအကျယ် ဆုတ်ယုတ်” နေဆဲဟု ကမ္ဘာ့ဘဏ် ပြော 

စစ်တပ်၏ အာဏာသိမ်းမှုနောက် နှစ်နှစ်တာ ပဋိပက္ခအတွင်း ကျရောက်နေဆဲ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် “အကြီးအကျယ် ဆုတ်ယုတ်” နေဆဲဖြစ်ပြီး စက်တင်ဘာအထိဖြစ်သော ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီသည် သုံးရာခိုင်နှုန်းသာ တိုးပွားမည်ဟု ကမ္ဘာ့ဘဏ်က သောကြာနေ့တွင် ပြောသည်။ 

ကျယ်ပြန့်သော အကြမ်းဖက်မှုများ၊ ဆိုးဝါးနေသော လျှပ်စစ်မီးပြတ်တောက်မှုနှင့် မူဝါဒ အရေးနိမ့်ခြင်းတို့က နိုင်ငံရေးနှင့် လူမှုရေး ဝရုန်းသုန်းကား အခြေအနေကြောင့် ကျပ်တည်းနေပြီးဖြစ်သည့် စီးပွားရေးကို ဆက်လက်၍ ဖရိုဖရဲဖြစ်နေစေဦးမည်ဖြစ်ကြောင်း ဒေသတွင်း အစီရင်ခံစာ၌ ကမ္ဘာ့ဘဏ်က ဆိုထားသည်။ 

“လျှပ်စစ်မီး ရှားပါးပြတ်တောက်ခြင်း၊ ထောက်ပို့မှု အမျှင်ပြတ်ခြင်း၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်ခြင်း ကန့်သတ်ချက်များနှင့် စည်းမျဉ်းကြပ်မတ်မှုများ မရေမရာ ရှိခြင်းတို့ကြောင့် စီးပွားရေး အခင်းအကျင်းသည် တိုးတက်ကောင်းမွန်ဖွယ် မရှိကြောင်း” ယခု အစီရင်ခံ၌ ဖော်ပြထားသည်။ 

မြန်မာစစ်တပ်သည် ရွေးကောက်ခံ အစိုးရအား ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချခဲ့ကာ အတိုက်အခံများအား ဖြိုခွင်းရန် ကြိုးစားနေခြင်းကြောင့် နိုင်ငံတွင်း ဝရုန်းသုန်းကား ဖြစ်လျက် ရှိသည်။ စစ်တပ်၏ သဘောထားကွဲလွဲသူများကို ဖြိုခွင်းမှုနှင့် လက်နက်ကိုင်အဖွဲ့များ၏ တုံ့ပြန်မှုများကြောင့် နိုင်ငံရေး ဘေးအန္တရာယ်၊ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် နာမည်ဂုဏ်သတင်း ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ကြသော နိုင်ငံခြား ကုမ္ပဏီများက နိုင်ငံတွင်းမှ ထွက်ခွာခြင်းများ ရှိစေသည်။ 

အရှေ့အာရှဒေသတွင်း ကျန်နိုင်ငံများသည် ကပ်ဘေးကာလ စီးပွားရေး နိမ့်ပါးခဲ့ရာမှ ပြန်လည်ဦးမော့လာသည့်တိုင်အောင် မြန်မာစီးပွားရေးသည် ၂၀၁၉ ခုနှစ်က မြင်တွေ့ခဲ့ရသော နှုန်းထားအောက်မှာပင် ဆက်လက်ရှိနေဦးမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၁၈ ရာခိုင်နှုန်းခန့်အထိ ကျုံ့သွားခဲ့ပြီး ၂၀၂၂ တွင် သုံးရာခိုင်နှုန်းသာ ပြန်လည်မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်အရ သိရသည်။ 

အဝယ်အင်အား နည်းပါးခြင်းနှင့် စားနပ်ရိက္ခာနှင့် လောင်စာဈေးများ မြင့်မားခြင်းနှင့်အတူ အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ကျပ်ငွေဈေးက ၃၁ ရာခိုင်နှုန်းအထိ ထိုးဆင်းခြင်းတို့ကြောင့် အိမ်ထောင်စုများသည် ပြင်းထန်သည့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုသည်။ 

ပြီးခဲ့သည့်နှစ်က နိုင်ငံခြားငွေ လဲလှယ်မှုကို အစိုးရထိန်းချုပ်မှုအောက်သို့ ပို့သည့် အကူးအပြောင်းကို ဖော်ဆောင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။ 

ကျပ်ငွေအတွက် ဖိအားများ လျော့ပါးရန် ပြည်တွင်းအရောင်းအဝယ်တွင် နိုင်ငံခြားငွေ မသုံးရဟု ဗဟိုဘဏ်က ဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အစိုးရများကို အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။ 

ထင်မြင်ချက်ပေးရန်အတွက် တောင်းခံသည်ကို စစ်ကောင်စီ ပြောခွင့်ရသူတစ်ဦးက ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။ 

စစ်အာဏာပိုင်များကမူ စီးပွားရေးကို ကယ်မရေးအတွက် ၎င်းတို့ အကောင်းဆုံး ကြိုးစားနေသည်ဟု ဆိုပြီး အကျပ်အတည်းအတွက် နိုင်ငံခြားကျောထောက်နောက်ခံ “အဖျက်အမှောင့်များ” ကြောင့် အပြစ်ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required