အစ္စလာမာဘတ်မြို့ရှိ စုရုံးဆန္ဒပြမှုများ၊ လူစုလူဝေးပွဲများကို ရိုက်ကူးထုတ်လွှင့်ခြင်းမပြုရန်   တားမြစ်ထား

By ANI 
31 March 2023
  အစ္စလာမာဘတ်မြို့ရှိ စုရုံးဆန္ဒပြမှုများ၊ လူစုလူဝေးပွဲများကို ရိုက်ကူးထုတ်လွှင့်ခြင်းမပြုရန်   တားမြစ်ထား

ပါကစ္စတန် အီလက်ထရောနစ်မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့(PEMRA) သည် အစ္စလာမာဘတ်မြို့တော်၌ ပါတီ၊ အဖွဲ့အစည်း သို့မဟုတ် တစ်ဦးတစ်ယောက်က ဖြစ်စေ ပြုလုပ်သည့် လူစုလူဝေးမှန်သမျှကို တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ရိုက်ကူးထုတ်လွှင့်ခြင်းမပြုရန် ရုပ်မြင်သံကြားလိုင်းများကို မတ်လ ၂၇ ရက်က ပိတ်ပင်တားမြစ်ခဲ့ကြောင်း Geo News သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ဥက္ကဋ္ဌ အီမရန်ခန်းသည် အစ္စလာမ်မာဘတ်မြိုရှိ တရားရုံးတွင် အမှုများကို ရင်ဆိုင်ရန် ၎င်း၏ ဇာမန်ပန်းခြံ နေအိမ်မှ ထွက်ခွာချိန်တွင် အာဏာပိုင်များက ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဥပဒေကဲ့သို့အာဏာတည်သော PEMRA အမိန့် (၂၀၀၂) ပါ ပုဒ်မ-၂၇ (က) အရ အဆိုပါတားမြစ်မိန့်သည် ဖက်ဒရယ်မြို့တော်၌ မတ်လ ၂၇ ရက်တွင် ပြုလုပ်သည့် စီးတန်းလှည့်လည်ခြင်းနှင် စုဝေးဆန္ဒပြခြင်းများအတွက် အကျုံးဝင်ကြောင်း ၎င်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ 

တိုက်ရိုက်သတင်းရယူထုတ်လွှင့်ခွင့်ကို တားမြစ်ပိတ်ပင်ခြင်း ခေါင်းစဉ်ဖြင့် မတ်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သော အသိပေးချက်တွင် အကြမ်းဖက်လူအုပ်၊ ရဲတပ်ဖွဲ့နှင့် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများအား တိုက်ခိုက်သည့် ရုပ်သံနှင့် ဓာတ်ပုံများကို ဂြိုလ်တုရုပ်သံလိုင်းများက တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်ကို သတိပြုမိကာ စိုးရိမ်မိခဲ့ကြောင်း အဆိုပါ အီလက်ထရောနစ်မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်ဟု Geo News သတင်းတွင် ဖော်ပြထားသည်။ 

"လာဟိုးမြို့တွင် မကြာသေးမီက နိုင်ငံရေးပါတီများနှင့် ဥပဒေစိုးမိုးရေး အဖွဲ့များအကြား ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအတွင်း အကြမ်းဖက်လူအုပ်က ဓာတ်ဆီဗုံးများအသုံးပြုသည့်အတွက် လက်နက်မဲ့ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို ရဲကားများ မီးရှို့ခံရသည့် ဗီဒီယို/ရုပ်ပုံများကို ရုပ်သံလိုင်းများတွင် တည်းဖြတ်ခြင်းမရှိဘဲ ထုတ်လွှင့်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ဂြိုလ်တုရုပ်သံလိုင်းပေါင်းစုံက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ယင်းကဲ့သို့ ဗီဒီယိုများသည်  ကြည့်ရှုသူများနှင့် ရဲတပ်ဖွဲ့ဝင်များကို စိုးရိမ် ထိတ်လန့်စေသည်” ဟု ၎င်းအဖွဲ့က ဆိုသည်။

လူစုလူဝေးဖြင့် ယင်းကဲ့သို့ ဆောင်ရွက်မှုသည် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး အများပြည်သူပိုင်ပစ္စည်းများနှင့် အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီးစေသည်ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာများကို ထုတ်လွှင့်မှုသည် တရားရုံးချုပ်၏ စီရင်ထုံးကိုလည်း ချိုးဖောက်ရာရောက်သည်ဟု ဆိုသည်။
ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက ဥပဒေအရ လိုင်စင်ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly