သမိုင်းဝင် ကျူးဘား ခရီးစဉ်အတွင်း ကတ်စထရို နှင့် အိုဘားမား လူ့အခွင့်အရေးနှင့်ပတ်သတ်ပြီး အငြင်းပွား

သမိုင်းဝင် ကျူးဘား ခရီးစဉ်အတွင်း ကတ်စထရို နှင့် အိုဘားမား လူ့အခွင့်အရေးနှင့်ပတ်သတ်ပြီး အငြင်းပွား

ဟာဗားနား၊ မတ်၊ ၂၂ ။             ။ အမေရိကန်သမ္မတအိုဘားမားသည် သမိုင်းဝင်ခရီးစဉ်တစ်ရပ်အဖြစ် ကျူးဘားနိုင်ငံသို့ သွားရောက်ခဲ့သည့် ၂ ရက်တာ ကာလအတွင်းတွင် ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရို နှင့် လူ့အခွင့်အရေးဆိုင်ရာပြဿနာရပ်များနှင့်ပတ်သတ်ပြီး အငြင်းပွားခဲ့သည်။

နှစ်ပေါင်း ၈၀ ကျော်အတွင်း ကျူးဘားမြေသို့ ပထမဆုံးခြေချသည့် အမေရိကန်သမ္မတတစ်ယောက်အဖြစ်နှင့် သွားရောက်သည့် အလည်အပတ်ခရီးစဉ်တွင် အိုဘားမားသည် ဂွမ်တာနာမိုရှိ အမေရိကန်အကျဉ်းထောင်၊ ကျူးဘား၏ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်ပြီး ရာအူးလ်ကတ်စထရိုနှင့် အငြင်းပွားခဲ့ခြင်း ဖြစ်သည်။

အိုဘားမားနှင့်တွေ့ဆုံခဲ့ရာတွင် မစ္စတာကတ်စထရိုက အမေရိကန်တို့ဘက်က ကျူးဘားရှိ နိုင်ငံရေးအကျဉ်းသားများ အမည်စာရင်းကို ပေးနိုင်လျှင် ချက်ချင်းလွှတ်ပေးမည်ဟုပြောကြားခဲ့သည်။

အိမ်ဖြူတော်ဘက်ကမူ ၎င်းတို့အနေဖြင့် ကျူးဘားနိုင်ငံရေးအကျဉ်းသားများစာရင်းကို ပေးခဲ့ဖူးပြီးဖြစ်သော်လည်း ကျူးဘားအာဏာပိုင်များက ထိုစာရင်းတွင်ပါဝင်သူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်မပြုခဲ့ကြောင်း ပြောကြားထားသည်။

မစ္စတာကတ်စထရိုကလည်း ဂွမ်တာနာမိုရှိ အမေရိကန်အကျဉ်းထောင်ကို အပြီးသတ်ပိတ်သိမ်းရန်နှင့် ကျူးဘားအပေါ် ချမှတ်ထားသော ကုန်သွယ်ရေးပိတ်ဆို့မှုများလုံးဝဖယ်ရှားရန်တို့နှင့် ပတ်သတ်ပြီးဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးချက်များနှင့်ပတ်သတ်ပြီး အိုဘားမားကမူ ကျူးဘားအပေါ်ချမှတ်ထားသော ကုန်သွယ်ရေးပိတ်ဆို့မှုများကို အလုံးစုံဖယ်ရှားပေးရန်လိုအပ်သည်ကို သဘောတူကြောင်း   ပြန်လည်ဆွေးနွေးခဲ့သည်။

ကျူးဘားနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများနှင့်ပတ်သတ်၍လည်း မစ္စတာကတ်စထရိုက ကာကွယ်ပြောကြားခဲ့ကာ အမေရိကတွင်လည်း လူ့အခွင့်အရေးဆိုင်ရာပြဿနာများ ရှိနေကြောင်း ထောက်ပြပြောဆိုခဲ့သည်။

သဘောမတူညီမှုများရှိခဲ့သော်လည်း အိုဘားမားနှင့် ကတ်စထရိုတို့သည် ဆွေးနွေးပွဲများအတွင်းတွင် သဘောထားကွဲလွဲမှု များကို တစ်ဦးနှင့် တစ်ဦးအပြန်အလှန်အရွှန်းဖောက်ကာ   ဆွေးနွေးသွားခဲ့ကြသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly